Tuesday, March 15, 2016


Shwe Innlay's photo.


အရွယ်ရောက်လာသူ တစ်ယောက်အနေနဲ့ သူငယ်ချင်းကောင်းရှာဖွေတယ်၊ သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ ငယ်ရွယ်စဉ်အချိန်ကနဲ့တော့ ကွာခြားပါတယ်။ ငယ်စဉ်အရွယ်တုန်းကတော့ မုန့်ခွဲဝေကျွေးရင်၊ အတူကစားဖော်ရရင်ကိုပဲ သူငယ်ချင်းကောင်းလို့သတ်မှတ်ကြတာပေါ့။ အရွယ်ရောက်လာသူတစ်ယောက် ဖြစ်လာရင်တော့ သူငယ်ချင်းကောင်းဆိုတဲ့ သတ်မှတ်ချက်ဟာ အများကြီးကျယ်ပြန့်လာပါတယ်။ ဒါကိုမသိဘဲ သူငယ်ချင်းတွေကို ပေါ့ပျက်ပျက်ဆက်ဆံရင်တော့ သင့်ဆီမှာ သူငယ်ချင်းတွေနည်းလာပါလိမ့်မယ်။ ဒါကြောင့် သင့်ဆီမှာ သူငယ်ချင်းတွေနည်းနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်ဖို့ ဖော်ပြလိုက်ရပါတယ်။

(၁)မကြာခဏညည်းညူတတ်သလား …
သင့်ရဲ့အလုပ်က အဆင်မပြေတဲ့အကြောင်းတွေ၊ ငွေရေးကြေးရေးပြသနာတွေ၊ ဘဝအခက်အခဲတွေ စတာတွေကို မကြာခဏညည်းတွားနေရင် သင့်ကိုလူတွေရှောင်လာပါလိမ့်မယ်။ လူတွေအားလုံးက အပူကိုယ်စီရှိနေကြတာပါ။ သင့်အပူတွေပါ ထပ်မပေးမိဖို့ ဆင်ခြင်ပါ။ တစ်ခါတစ်ရံဆို လက်ခံနိုင်ပေမဲ့ သူငယ်ချင်းနဲ့တွေ့ဆုံတိုင်း သင်အဆင်မပြေတာတွေချည်း ပြောပြနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ အကောင်းမြင်တတ်အောင် လေ့ကျင့်ပြီး အခြားသော စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ ဆွေးနွေးလို့ကောင်းမဲ့ခေါင်းစဉ်တွေ ပြောတတ်အောင် လေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။

(၂)ချစ်သူရသွားလို့ သူငယ်ချင်းတွေကို ပစ်ပယ်ထားမိသလား …
ချစ်သူနဲ့ချိန်းဆိုမှုတွေကြောင့် မကြာခဏပဲ သူငယ်ချင်းတွေနဲ့တွေ့ဆုံဖို့ ပျက်ကွက်ခဲ့ပြီဆိုရင် သေချာပါပြီ… သင့်သူငယ်ချင်းတွေဟာ သင့်ရည်းစားနဲ့သင် ပြတ်စဲဖို့ဆုတောင်းနေပါလိမ့်မယ်။ ဒါမှမဟုတ် သင့်ကို သူငယ်ချင်းစာရင်းထဲကထုတ်ပယ်ပြီး အရေးလုပ်တော့မှာမဟုတ်ပါဘူး။ ချစ်သူနဲ့သူငယ်ချင်းတွေကြား အချိန်မျှတစွာချိန်ညှိတတ်ပါစေ။

(၃)တစ်ကိုယ်ကောင်းဆန်နေသလား …
သင်သူငယ်ချင်းနည်းရတဲ့ အကြောင်းရင်းဟာ သင့်ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ဖြစ်နေသလားဆိုတာ စဉ်းစားကြည့်ပါ။ သူငယ်ချင်းဆက်ဆံရေးဟာ တစ်ခါတစ်ရံမှာ သင်ဆန္ဒမရှိတောင် ပေးဆပ်ဖို့လိုအပ်တဲ့အခြေအနေမှာ ရှိနေတတ်ပါတယ်။ အကယ်၍သင်ဟာ သင်ပြုလုပ်ချင်တာတွေကိုသာ ဦးစားပေးတတ်သူဆိုရင် သူငယ်ချင်းတွေက သင့်ကိုတာရှည်သည်းခံလိမ့်မှာ မဟုတ်ပါဘူး။

(၄)သူငယ်ချင်းတွေအကြောင်း ဂရုမစိုက်ပြုခဲ့သလား …
အကယ်၍သင်ဟာ သင့်သူငယ်ချင်းမှာ ဘာကိစ္စဖြစ်နေနေ ဂရုမစိုက်ပြုနေမယ်ဆိုရင် သင့်ကိုသူတို့အနားမှာ ရှိနေစေချင်တော့မှာမဟုတ်ပါဘူး။ သူငယ်ချင်းတွေ ဘာလုပ်နေတယ်ဆိုတာကို စိတ်ဝင်စားပေးပါ။ သူတို့ရဲ့စိတ်ခံစားချက်တွေ၊ သူတို့ပြုလုပ်နေတာတွေကို ဂရုမစိုက်ပြုမူနေရင် သင့်ကိုရှောင်ကြဉ်လာပါလိမ့်မယ်။

(၅)ကွယ်ရာမှာအတင်းတွေပြောတတ်ပါသလား …
မသိနိုင်ပါဘူးလေဆိုပြီး ကွယ်ရာမှာ သူငယ်ချင်းအတင်းတွေ မပြောမိပါစေနဲ့။ ပါးစပ်တစ်ပေါက်ကိုပိတ်ဖို့ဆိုတာ မလွယ်ကူမှန်းသိပါ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့အဆင်မပြေတာရှိရင်၊ မကျေနပ်တာရှိနေရင် ခက်ခဲနေလည်း ထိပ်တိုက်ဖြေရှင်းဖို့သာ ကြိုးစားပါ။

(၆)အတွက်အချက်များနေသလား …
သူငယ်ချင်းဆက်ဆံရေးဆိုတာ ဘယ်သူကဖုန်းစခေါ်ရမဲ့အလှည့်၊ ဘယ်သူကငွေရှင်းရမဲ့အလှည့် စတဲ့ တွက်ချက်မှုတွေမများသင့်ပါဘူး။ မျှတတယ်၊ မမျှတတ်ဘူးလို့ အမြဲတွက်ချက်နေရင် သူငယ်ချင်းတွေနဲ့ အဆင်မပြေနိုင်ပါဘူး။

(၇)မနာလိုစိတ်ရှိနေသလား …
သင့်သူငယ်ချင်းက ကားအသစ်ဝယ်လိုက်လို့ဖြစ်စေ၊ အလုပ်မှာရာထူးတိုးလို့ဖြစ်စေ၊ ချစ်သူချောချောရသွားလို့ဖြစ်စေ၊ စတဲ့ သူငယ်ချင်းကောင်းစားလာတာကို မနာလိုစိတ်ဖြစ်မိသလား။ စိတ်မှာဖြစ်ပေါ်နေတဲ့အရာတွေက အပြင်ပန်းရုပ်အသွင်မှာ ပေါ်လွင်နေနိုင်တယ်ဆိုတာကိုရော သတိထားမိရဲ့လား။ သူငယ်ချင်းတွေအောင်မြင်လာတာကို ထပ်တူထပ်မျှဝမ်းသာပြီး ဂုဏ်ပြုတတ်ဖို့ဟာလည်း သူငယ်ချင်းတွေရရှိဖို့ အရေးပါတဲ့အချက်တစ်ချက်မှာ ပါဝင်နေပါတယ်။

ခမ်းမူး (ရွှေအင်းလေး)
www.khunnaytunmedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook