Monday, December 22, 2014
4:15 AM
Unknown
ဆောင်းပါး
No comments
ခွန်နေ - Khun Nay
ခုတလော ဆောက်ပြီးတဲ့ ကန်ထရိုက်တိုက်တွေကနေ အုတ်တွေပဲ့ကျတာ ၊ မှန်တွေပြုတ်ကျတာ ၊ ကြွေပြားတွေကွာကျတာ ခနခန ကြားနေရတယ် ။ ဒါကြောင့် ဒီမနက် ကားဂိတ်ကနေရုံးကိုလမ်းလျှောက်သွားတော့ အရင်လို ဓာတ်ကြိုးကိုကြည့်ရတာတင်မက တိုက်ပေါ်က အန္တရာယ် ကိုပါ ရှောင်ဖို့အပေါ်ကိုခနခနမော့ကြည့်ပြီး သတိရှိရှိသွားနေရတယ် ။ အဲ့လိုသွားနေရတဲ့ ကြားထဲက ရန်ကုန်မြို့ ရဲ့  ပလက်ဖောင်း မြောင်းဖုံးတွေက အချို့ နေရာတွေ ပိတ်ထားတာ မဟုတ်တော့ မြောင်းထဲကျွံ့ ကျမှာကလည်း ကြောက်ရသေးတယ် ။ ကြောက်ကြောက်နဲ့ပဲ တိုက်ခက်လာတဲ့လေအေးအေးလေးကို ရှူသွင်းဖို့ ကြိုးစားလိုက်တယ် ။ မနက်ခင်းဆိုတော့ တိုက်တဲ့လေက ဆောင်းနံ့လေး သင်းနေမှာပဲပေါ့ ။ စိတ်ပါလက်ပါ ရှူပစ်လိုက်တယ် ။ ကံဆိုးစွာပဲ တောင်လိုမို့မောက်နေတဲ့ အမှိုက်ပုံကြီးကို ဖြတ်ကျော်တိုးဝှေ့လာတဲ့လေတွေ ။ အာရုံကြောတစ်ခုလုံး အော်ဂလီဆန်သွားတယ် ။ ဒါနဲ့
ဆက်လျှောက်နေရင်း ကြောင်တစ်ကောင်စာလောက်ရှိတဲ့ ကြွက်ကြီးက လမ်းဖြတ်ကူးလို့ ။ သိပ်မလှမ်းမကမ်းမှာပဲ ကားကြိတ်လို့ သေနေတဲ့
ကြွက်ကြီးကို ကျီးကမ်းတွေက အမဲဖြတ်နေကြတယ် ။
ဒီလိုနဲ့ ရုံးနားက လမ်းမကြီးပေါ်ကိုရောက်လို့လာတယ် ။ အပြိုင်အဆိုင် တိုးဝှေ့မောင်းနှင် နေကြတဲ့ ဘက်စ်ကားတွေ တစ်ဝှီဝှီနဲ့ ။ ပြီးခဲ့တဲ့ရက်ပိုင်း တင်ဒီနေရာမှာ ယာဉ်တိုက်မှုဖြစ်ထားတာဆိုတော့ ကိုယ်လည်း သတိရှိရှိ လမ်းဖြတ်ကူးရတယ် ။ အောင်မြင်စွာဖြတ်ကူးပြီးသွားတဲ့ တစ်ကာလ ရုံးပေါ်ကိုတက်ဖို့ ဓာတ်လှေကားကိုစောင့်နေလိုက်တယ် ။ ဓာတ်လှေကားရောက်လာ ၊ အထဲကိုဝင် သွားမယ့် ရှစ်လွှာကို နှိပ် ။ တက်နေပြီ ။ ၅ လွှာနဲ့ ၆ လွှာကြားမှာ မီးပျက်သွားတယ် ။ ဂိန်ပြီပေါ့ ။ Auto System နဲ့ အနီးဆုံးအခန်းကို ပို့ပေးလိုက်တယ် ၊ ငါးလွှာ ။
ရှစ်လွှာကို လမ်းလျှောက်တက်လိုက်တယ် ။ အပေါ်ရောက်တော့ ချွေးတွေနဲ့ ။ ရောက်ရောက်ချင်း ရုံးလက်မှတ်ထိုး ၊ ရေဆာတယ်ဆိုပြီး Water Cooler ကိုသွား ၊ ရေခလုတ်ကို ဖိချလိုက်တယ် ။ တစ်စက်မှကျမလာဘူး ။ ဒါနဲ့ ဗူးကိုတွန်းကြည့်လိုက်တော့ ဘာမှမရှိ ။ မထူးပါဘူးကွာ အောက်ပြန်ဆင်း မနက်စာ စားရင်း မှ တစ်ခါတည်း ရေဗူး ဝယ်လိုက်တော့မယ် ။ ရှူးပေါက်ချင်သေးတာနဲ့ အိမ်သာကိုသွား ။ တံခါးဆွဲလိုက်တော့ အထဲမှာ လူကရှိနေပြန်တယ် ။ စိတ်ကလည်း မတင်မကျဖြစ်နေတော့ အောက်မဆင်းချင် တော့ပြန်ဘူး ။ ထုံးစံအတိုင်း မှာနေကျဆိုင်ကို ဖုန်းဆက်ပြီး မှာလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဆိုင်ကိုဖုန်းဆက်တော့ လူကြီးမင်း ဧရိယာပြင်ပရောက်နေတယ် ။ စိတ်ချဉ်ကနည်းနည်းပေါက်နေပြီ ။ နောက်ဆုံးမထူးတော့ဘူးဆိုပြီး တိုက်ပေါ်ကခုန်ချလိုက်တယ် ။
------------------------------------------------------------------
စကားချပ်
အရည်အသွေး မပြည့်မှီတဲ့ တိုက်တွေမှာ နေထိုင်ရတဲ့ ရန်ကုန်မြို့ ရဲ့ လူနေမှုဘဝ ။ အသက်နဲ့ရင်း လမ်းမပေါ်ပြေးလွှား ရုန်းကုန်နေရတဲ့ လူနေမှုဘဝ ။ သန့်ရှင်းမှုမရှိ ညစ်ပေနေတဲ့ လမ်းမ ။ ကျွံ့ ကျနေတဲ့ ပလက်ဖောင်း ။ တောင်လိုပုံနေသည့်အမှိုက် ။ စည်းကမ်းမရှိတဲ့ လမ်းပေါ်ကဘက်စ်ကား ။ အပြည့်အဝ မပေးနိုင်သေးတဲ့ လျှပ်စစ်မီး ၊ ခက်ခဲနေဆဲ ဆက်သွယ်ရေးစနစ် ။
ဌာနတွေအလိုက် ပါးပါးလေးသာဆော်ထားပါသည် ။ ကြည့်သောသူမြင်၏ ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။