Thursday, January 29, 2015
[Zawgyi]
ခွန်နေ - Khun Nay
ဒါကြောင့် -
ခွန်နေ - Khun Nay
[Unicode]
အချစ်ဆိပ်တက်နေသူ လူငယ်များအတွက်
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
အချစ်ဆိုတဲ့ အရာဟာ အရွယ်ရောက်လာရင် လူငယ်တိုင်း ထိတွေ့ခံစားရမယ့်
သဘာဝဖြစ်စဉ်တစ်ခုပါ ။ ဒီသဘာဝ ဖြစ်စဉ်ရဲ ့နောက်ကွယ်မှာ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ ပူဆွေးမှုတွေ ရှိနေတတ်တယ် ဆိုတာလေးကိုလည်း သတိပြု တတ်ဖို့လိုတယ် ။
ခုတလော ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်ရင် Status တွေမှာ ညီငယ် ၊ ညီမငယ်
အကို ၊ အမတွေ အချစ်ကြောင့် ပူဆွေးနေတာ မြင်ရတွေ့ရ ၊ ဖတ်ရတော့
စိတ်မကောင်း ဖြစ်မိတယ် ။
အချစ်ကို ကိုးကွယ်လွန်းသူတစ်ယောက်မှာ ဘဝဆိုတာမရှိဘူးလို့ ကျွန်တော် အရင်က ရေးဖူးတယ် ။ လူငယ်တစ်ယောက်ကမေးတယ် "ဘာကြောင့် ဘဝဆိုတာမရှိရတာလဲ" ။
ဆိုလိုချင်တာက ချစ်ပါ ။ ချစ်လို့ရပါတယ် ၊ ဘဝတစ်ခုလုံးကို ပုံအောပြီးပဲ
ချစ်ချစ် ဒါပေမယ့် ဘဝမပျက်အောင် ချစ်တတ်ဖို့ အရေးကြီးတယ် ။ လူတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုပေမယ့် ဒီမျှော်လင့်ချက်ကြောင့်ပဲ မထင်မှတ်တဲ့ ပြဿနာ အခက်အခဲကြုံလာတဲ့အခါ ဝေးကွာသွားရင် ဘဝဟာ ဦးတည်ရာ မဲ့သွားတတ်တယ် ။
ဒါကြောင့် -
တစ်စုံတစ်ယောက်ကို မျှော်လင့်ချက်ကြီးစွာ မချစ်ပါနဲ့ ၊
မထင်မှတ်တဲ့ အခက်အခဲတွေ ရှိလာနိုင်တယ်ဆိုတာကို သတိပြုပါ ။
တစ်စုံတစ်ယောက်ကို ရုန်းထွက်လို့မရအောင် သံယောဇဉ်တွေမကြီးပါနဲ့ ၊
ရုန်းထွက်လို့မရအောင် ခံစားတတ်လို့ပါ ။
တစ်စုံတစ်ယောက်ကို နစ်မွမ်းစွာ မချစ်မိပါစေနဲ့ ၊
ဘဝရည်မှန်းချက်တွေ ပျောက်ဆုံး တတ်လို့ပါ ။
အချိ်န်တန်ရင် လူတိုင်းအတွက် ဘဝလက်တွဲဖော်ကောင်း ဆိုတာပေါ်လာမှာပါ ။ အဲ့ဒီ အချိန်ရောက်မှ ကိုယ်ကမရွေးချယ် တတ်ရင်တော့ ကိုယ်ရဲ ့ကံအကြောင်း မလှလို့ပဲ သတ်မှတ်လိုက်ပါ ။ အကြောင်းရှိလို့ အကျိုးဆိုတာဖြစ်လာတာပါ ၊ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ ကိုယ့်ကို ကိုယ်ပဲအပြစ်တင်ပါ ။ လူငယ်တိုင်း ဘဝလက်တွဲဖော်ကောင်း ရွေးချယ်နိုင်ပြီး အချစ်ဆိပ် မတက်မိစေဖို့ ရေးသားပေးလိုက် ရပါတယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
Saturday, January 24, 2015
ခွန်နေ - Khun Nay
ဆဲဆိုနေကြတဲ့ ကွန်မက် တွေကြားထဲမှာ လူတစ်ယောက်ရေးထားတဲ့ ကွန်မက် လေးကို သဘောကျမိလို့ ကျွန်တော်ကိုးကားပြီး ပြင်ဆင် ဖြည့်စွက် ရေးသားပေးလိုက် ပါတယ် ။
သတင်း ပိုစ်တစ်ခုရဲ့ အောက်မှာ ဘာသာခြားတွေနဲ့ ဆဲဆိုနေတာတွေ ၊ သံဃာတော် တွေကိုယ်တိုင်ရော ကွန်မက်မှာ ဆဲဆိုနေတာတွေ မြင်ရ ၊ တွေ့ရ ၊ ကြားရတာ စိတ်မကောင်းဖြစ်မိတယ် ။ အားလုံးက အမျိုးဘာသာ ၊ သာသနာအတွက် လုပ်တယ်ဆိုပေမယ့် အစွန်းရောက်တဲ့နည်းနဲ့မလုပ်ပဲ ၊ ကိုယ့်လူမျိုးတွေ ဘာသာပေါ်ယုံကြည် လာအောင် ၊ ရိုသေကိန်းရှိုင်း တတ်လာအောင် ၊ အတွေးအခေါ်အသိပညာလေးတွေ ထည့်ပေးတတ်ကြရင် သိပ်ကောင်းမိမယ်လို့ ကျွန်တော်ထင်တယ် ။
ကိုယ့်အမျိုးဘာသာကို အခြားသူထိခိုက်လာရင် ဘယ်သူမဆို မခံရပ်နိုင်
ပေါက်ကွဲတတ်ကြတာ သဘာဝပါ ။ ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့ မူလရည်မှန်း ချက်ကြီးကိုတော့ သတိပြုစေချင်ပါတယ် ။ ကံ အကြောင်းနဲ့ အကျိုးပေါ်မှာ အခြေခံတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို လျှစ်လျူရှုခဲ့ရင်တော့ သံသရာမှာ ခံစားရမှာကို သတိကလေးတစ်ချက် သူတို့ကိုသိစေချင်တယ် ။ ကံအကြောင်းနဲ့ အကျိုးကို နားမလည်ပဲ ကိုယ်ပါ ရောယောင်ပြီး ရောင်တော် ပြန်လွှတ်နေမယ် ဆိုရင် ကိုယ်ဟာလည်း ဒီပုတ်ထဲက ဒီပဲဆိုတာ သတိပြုတတ်ဖို့ လိုအပ်ပါတယ် ။
အခုတော့ ကြမ်းတမ်းတဲ့ ဆဲရေးတိုင်းထွာမှုတွေပဲ မြင်နေရတယ် ၊ ကြားနေရ တယ် ။ နိုင်ငံတကာက ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာကို ဝေဖန်ချင်စရာတွေဖြစ်လာတယ် ။
ဆဲရေးခြင်း(၁၀)မျိုးရှိပါတယ် -
၁။ ဇာတိ = ဇာတ်ကိုထိပါး၍ ဆဲရေးခြင်း
၂။ နာမ = နာမည်ကို ဖော်၍ ဆဲရေးခြင်း
၃။ ဂေါတ္တ = မျိုးနွယ်ကို ထိပါး၍ ဆဲရေးခြင်း
၎။ ကမ္မ = အလုပ်ကိုထိပါး၍ ဆဲရေးခြင်း
၅။ သိပ္ပ = အတတ်ပညာကိုထိပါး၍ ဆဲရေးခြင်း
၆။ အာဗာဓ = အနာရောဂါကို စွဲ၍ ဆဲရေးခြင်း
၇။ လိင်္ဂ = အသွင်ကို ဖော်၍ ဆဲရေးခြင်း
၈။ ကိလေသ = ကိလေသာ တစ်ပါးပါးကို စွဲ၍ ဆဲရေးခြင်း
၉။ အာပတ္တိ = အာပတ်ဖြင့် စွပ်စွဲ၍ ဆဲရေးခြင်း
၁၀။ အက္ကောသ = ယုတ်ညံ့မှုအားဖြင့် စွပ်စွဲ၍ ဆဲရေးခြင်း
[Source: ဝိနည်းပိဋက ပါစိတ်ပါဠိတော် ဘိက္ခုဝိဘင်း]
ဒီတော့ လူပဲဖြစ်ဖြစ် ၊ သံဃာတော်ပဲဖြစ်ဖြစ် ဘယ်လောက်ဒေါသထွက်ထွက် ဆဲရေးတိုင်းထွာမှုမပြုလေ ကောင်းလေပါ ။ မအေနဲ့တပ်ပြီး ဆဲခဲ့လို့ မိခင်ကမယားကြီး ၊ သမီးကမယားငယ် ၊ သားက လင်လုပ်ပြီး ဘဝတစ်ခုတည်းမှာ ပြန်လည် ပေးဆပ်နေကြရတဲ့ ပိဋကတ်သုံးပုံထဲက ထေရီမကြီးအကြောင်း ဖတ်လိုက်ရတော့ မျိုးချစ်စိတ်ရှိသူတွေ အမျိုးဘာသာသာသနာ စိတ်ရှိသူတွေအတွက် များစွာစိတ်မကောင်း ဖြစ်ရပါတယ်။ ၀ဇီကံရဲ့ အကျိုးအပြစ်ဥပမာ များစွာတွေထဲက ဒီတစ်ခုကို ထုတ်ပြပေးတာပါ။ ဘုရားရှင်ကလည်း ပါးစပ်ကထွက်တဲ့ စကားလုံးတိုင်းဟာ အကျိုးမခံစားရပဲ ပျောက်ပျက်မသွားဘူးလို့  ဟောထားပါတယ် ။ မျိုးချစ်စိတ်ရှိလို့ ပဲဖြစ်ဖြစ် ဘာသာသာသနာစိတ် ရှိလို့ ပဲဖြစ်ဖြစ် ဒေါသနဲ့  ဆဲလိုက်ပြီဆိုတာနဲ့  သုံးခါရှုံးပါတယ် ။
၁ ၊ ကိုယ်ဒေါသထွက်လို့  ပူလောင်ရမှာကတစ်ခါ
၂ ၊ ကိုယ့်လူမျိုးကိုယ့်ဘာသာကို အထင်သေးခံ ရမှာကတစ်ခါ ၊
၃ ၊ သံသရာမှာ ပြန်လည်ပေးဆပ်ရမှာကတစ်ခါ ။
အားလုံးသတိနောက်က အသိကလေး ရှိရအောင် မျှဝေရေးသား လိုက်ရပါတယ် ။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာကြပါစေ ၊ ချမ်းသာကြပါစေ ။ ငြိမ်းချမ်းမှု ကိုရှာဖွေနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ရပါတယ် ။
ခွန်နေ - Khun Nay
Tuesday, January 20, 2015
ဖေဖေနဲ့ မေမေက ဒီလိုပြောတယ် -
" အလုပ်ထွက်လိုက် ၊ အဲ့အလုပ် မလုပ်ရလို့ ထမင်း မငတ်ဘူး ၊ အိမ်မှာ နင့်ကိုကျွေးနိုင်တဲ့ အဖေ ၊ အမေရှိသေးတယ် ၊ နောက်အလုပ်တစ်ခု ရှာလည်းရတယ် "
ခွန်နေ - Khun Nay
အနောက်နိုင်ငံသားတွေနဲ့ လုပ်ငန်းခွင်မှာ အလုပ်အတူ တွဲလုပ်ရတော့ ဒီက လူငယ်တွေနဲ့ ကွာခြားမှုတစ်ခုကိုသွားတွေ့ရတယ် ။ သူတို့က ကျွန်တော်တို့နဲ့ အသက်၂၀ ကျော်ဝန်းကျင် ၂၅ ပတ်လည် ရွယ်တူတွေပါပဲ ။ ပညာအရည်အချင်း ယှဉ်မယ်ဆိုရင်လည်း ကျွန်တော်တို့ မြန်မာလူငယ်တွေနဲ့ သိပ်မကွာပါဘူး ။ ကြီးမားတဲ့ကွာခြားမှုတစ်ခုက ဘာလဲဆိုတော့ နိုင်ငံခြားသားတွေမှာ အကြောက်တရားမရှိဘူး ၊ လေ့လာစူးစမ်းလိုစိတ် ပြင်းထန်တယ် ၊
အဆင်မပြေတဲ့ အရာတစ်ခုကို အဆင်ပြေအောင် ဘယ်လိုနည်းလမ်းနဲ့ ထွက်ပေါက်ရှာမလဲအမြဲ ကြံဖန်စဉ်းစားတွေးခေါ်လေ့ရှိတယ် ။ လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ ပြင်ပဆက်ဆံရေးကိုခွဲခြားထားတယ် ။
ဒါတွေက အဓိကအားသာချက်တွေပေါ့ ။ ဒီအားသာချက်က သူတို့ရဲ့  မိခင်နိုင်ငံ အခြေခံပညာရေးစနစ်ကောင်းမွန်မှု ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကြောင့်လို့ သုံးသပ်လို့ ရပေမယ့် ကျွန်တော်ကတော့ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခွင့် ပေးထားတဲ့ မိဘအုပ်ထိန်းမှု တွေကြောင့်လို့ မြင်မိတယ် ။
ဘာကြောင့်လဲဆိုတော့ တော်တော်များများလုပ်ငန်းခွင်ဝင်နေတဲ့ မြန်မာလူငယ်အချို့ မှာ အရွယ်ရောက်လို့ လုပ်ငန်းခွင်ထဲရောက်နေတာတောင် မိဘရဲ့  လွှမ်းမိုးမှု အရှိန်ကို မလွန်ဆန်နိုင်တာ တွေ့နေရတယ် ။ ဆိုလိုချင်တာက မိဘတွေက သားသမီး အပေါ် ချစ်လွန်းတာကို ပြောချင်တာပါ ။ သားသမီးကို ချစ်လွန်းလို့ နစ်မွမ်းသွားတာမျိုး မဖြစ်စေချင်ပါဘူး ။
မိဘကအရိပ် တကြည့်ကြည့်နဲ့ နေရာတကာ စိုးရိမ်ပူပန်ပေးနေတော့ သားသမီးတွေ မှာ အကြောက်တရား ဝင်လာပါတယ် ။ ဒီလွှမ်မိုးမှုရဲ့  ရိုက်ခက်မှုကြောင့် လူငယ်တွေမှာ ယုံကြည်မှုပျောက်ဆုံးလာတယ် ။ လူအများနဲ့ဆက်ဆံရမှာကြောက်ရွံ့ လာတယ် ၊၊ လူတောမတိုးရဲတဲ့ စိတ်ရောဂါတွေ ဝင်လာတယ် ။
လုပ်ငန်းခွင်မှာ ကလေးမလေး တစ်ယောက်ရှိတယ် ။ ငယ်ငယ်လေးကတည်းက ကျောင်းသွား ၊ ကျူရှင်သွား အိမ်က လိုက်ပို့ပေးတယ် ။ တက္ကသိုလ်တက်တဲ့ အရွယ်အထိ ၊ ဘယ်သွားသွား ဘာလုပ်လုပ် မိဘရဲ့ စောင့်ကြပ်မှု တစ်ခုကို ခံလာခဲ့ရတယ် ။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင် အင်တာဗျူးတော့လည်း ဘေးက ပါလာတာမျိုး ၊ မိဘက မလိုက်ဘူးဆိုရင်တောင် အချို့  လူငယ်တွေက မိဘရဲ့  လွှမ်းမိုးခဲ့မှု အရှိန်တွေကြောင့် လုပ်ငန်းခွင်အင်တာဗျူးတောင် အိမ်ကမလိုက်ရင် မသွားရဲတော့တာမျိုး ၊ အလုပ်ထဲရောက်တော့လဲ သွားတာ ပြန်တာကအစ အိမ်က ကားဂိတ်ထိ ပို့ပေးတာတွေ ၊ အလုပ်ဆင်းချိန်ရောက်ရင် ဖုန်းတွေ တတီတီ ဆက်တာမျိုးတွေဟာ လူငယ်တစ်ယောက်ရဲ့ လုပ်ငန်းခွင်အတွင်း လွတ်လပ်တဲ့ အတွေးတွေကို ဘောင်နဲ့ ကန့်သတ်ပေးလိုက်သလိုဖြစ်နေတယ် ။
ပြီးတော့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ခဲ့တာ မျိုးတွေကအစ အသေးစိတ် အိမ်က သိချင်တာမျိုးတွေ ၊ တခါတလေ သားသမီးတွေလုပ်ငန်းခွင် အဆင်မပြေရင် ၊ ဒီအဆင်မပြေမှုကို ဘယ်လိုဖြေရှင်းပေးရမယ် လမ်းညွှန်ပေးတာထက် ၊
" အလုပ်ထွက်လိုက် ၊ အဲ့အလုပ်မလုပ်ရလို့ ထမင်း မငတ်ဘူး ၊ အိမ်မှာ နင့်ကိုကျွေးနိုင်တဲ့ အဖေ ၊ အမေရှိသေးတယ် ၊ နောက်အလုပ်တစ်ခု ရှာလည်းရတယ် " လွှဲမှားတဲ့ ဖြေရှင်းနည်းတွေကိုသာ ပေးတတ်ကြတယ် ။
ဒီတော့ နိုင်ငံခြားသားနဲ့ယှဉ်လိုက်တဲ့အခါ မြန်မာလူငယ်တွေမှာ ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်မှုနဲ့ အခက်အခဲ ပြဿနာတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်စွမ်းပျောက်ဆုံးလာတယ် ။ စဉ်းစားတွေခေါ်နိုင်စွမ်း အားနည်းသွားတယ် ။ လူငယ်တွေရဲ့ အမူအကျင့်မှာ ငါဘာပဲလုပ်လုပ် လူကြီးတွေရှိနေသေးတယ် ၊ သူတို့တွေပါနေသေးတယ် ဆိုတဲ့အတွေးက ဝင်နေတယ် ။ လူငယ်တွေမှာ ကိုယ့်ကို ရပ်တည်ချင်စိတ်ပျောက်ဆုံးလာတယ် ။ " အားကိုးစရာ ဒီအရွယ်အထိရှိသေးတာပဲ" ဆိုတာမျိုးဖြစ်လာတယ် ။
သားသမီးတွေကို မျက်စိရှေ့ အပျောက်မခံတာ ၊ သားသမီးတွေကို ကလေးလေးလိုပဲ အမြဲ ဆက်ဆံနေတာက မိဘရဲ့ ပူပန်တဲ့မေတ္တာစေတနာ မှန်ပေမယ့် လူငယ်တွေရဲ့  ယုံကြည်မှု ၊ ဖြေရှင်းနိုင်စွမ်းတွေကို ရိုက်ချိုးပေး လိုက်သလို ဖြစ်စေပါတယ် ။
ဒါကြောင့် တော်တော်များများက တော်တယ်လို့ပြောတဲ့ နိုင်ငံခြားသားတွေမှာ သူတို့ရဲ့  မျိုးရိုးအုပ်ထိန်းမှု တစ်ခုကြောင့်ပဲ ပြောရမလား ကျွန်တော်တို့ မြန်မာလူငယ်တွေနဲ့ကွာနေတာ ကတော့ သူတို့မှာ -
၁) အကြောက်တရားမရှိဘူး ၊ ကိုယ့်ကိုယုံကြည်မှုရှိတယ်
၂) လေ့လာစူးစမ်းလိုစိတ် ပြင်းထန်တယ် ၊
၃) အဆင်မပြေတဲ့အရာတစ်ခုကို ကိုယ်တိုင်ဆုံးဖြတ်ပြီး အဆင်ပြေအောင် နည်းလမ်းတွေရှာဖွေတယ် ၊
၎) လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ ပြင်ပဆက်ဆံရေး ကို စနစ်တကျ စီမံခန့်ခွဲနိုင်တယ် လို့ ကျွန်တော် မြင်မိပါကြောင်း ။
ခွန်နေ - Khun Nay
Thursday, January 15, 2015
ခွန်နေ - Khun Nay
ဟန်ဆောင်တတ်သူတွေ အတွက်
စစ်မှန်တဲ့မိတ်ဆွေကောင်းဆိုတာ မရှိဘူး ။
ဖောက်ပြန်တတ်တဲ့စိတ် ရှိသူတွေ အတွက်
နောက်ဆုံးအချစ်ဆိုတာ မရှိဘူး ။
ကတိမတည်သူတွေ အတွက်
သစ္စာတရားထားမယ့်သူဆိုတာ မရှိဘူး ။
လှည့်စားတတ်သူတွေ အတွက်
အမှန်တရားကို လမ်းပြပေးမယ့်သူ မရှိဘူး ။
အချိန်ကို မလေးစားတတ်သူတွေ အတွက်
တန်ဖိုးဆိုတာ မရှိဘူး ။
အချစ်ကိုဦးစားပေးလွန်းသူတွေ အတွက်
ဘဝဆိုတာ မရှိဘူး ။
ခွန်နေ - Khun Nay
Monday, January 12, 2015
ခွန်နေ - Khun Nay
၁ . ရနေသည်ထက် ပို၍လောဘကြီးခြင်း
အသင်းအဖွဲ နဲ့ အလုပ်လုပ်တဲ့အခါ လူညီဖို့ဆိုတာ အင်မတန်ခက်ပါတယ် ။ အကျိုးမြတ်ရလာလို့ ခံစားတဲ့အခါ တူညီနေရင်တောင် သူကပိုပင်ပန်းလို့ ၊ ကိုယ်ကပိုပင်ပန်းလို့ ဆိုပြီး ရနေတာထက် ရလိုခွင့် လောဘစိတ်တွေ ဝင်လာတတ် ပါတယ် ။ ရယူလိုခွင့် ၊ ရပိုင်ခွင့်လောဘတွေကြီးလာရင် အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်တွေများလာပြီး အဖွဲ့စည်းတစ်ခု ပျိုကွဲဖို့ရာ အဓိက အကြောင်းအရာ ဖြစ်လာစေပါတယ် ။
၂ . နေရာတကာ လိုက်ပါခြင်း
ဟိုတစ်ယောက်လုပ်လည်း ကိုယ်ကသိချင် ၊ ဒီတစ်ယောက်လုပ်လည်း ကိုယ်ကသိချင် ၊ ကိုယ်က ဗဟုသုတရချင်လို့ သိချင်တာမှန်ပေမယ့် အတူတွဲလုပ်ရတဲ့ သူတွေအတွက် အင်မတန် စိတ်ကသိကအောင့်ဖြစ်ရပါတယ် ။ ကိုယ်လုပ်နေတဲ့ အပိုင်းကလွဲလို့ အခြားကဏ္ဍကို အသေးစိတ်
လိုက်သိချင်တာမျိုးကို ရှောင်ကြဉ်စေချင်ပါတယ် ။ ဒီလိုမှမဟုတ် ပါလေရာ ကိုယ်က သိချင်နေရင်တော့ အဖွဲ့အစည်းတစ်ခု ပျိုကွဲဖို့ အကြောင်းအရာ ဖြစ်လာစေပါတယ် ။
၃ . မာနစိတ်တွေရှိနေခြင်း
လုပ်ငန်းအကြောင်းနဲ့ပတ်သက်လို့ အပြည့်အဝနားမလည်ဘူး ၊ ကိုယ်ကလည်း ဦးမဆောင်နိုင်ဘူး ၊ ဒါပေမယ့် သူများဦးဆောင်တာကိုလည်း ကိုယ်က မလိုက်ချင်တဲ့ တလွဲမာနစိတ်တွေ ဝင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ် ။ ကိုယ်လည်း မတတ်တဲ့အရာတစ်ခုကို တတ်သရောင် (သို့မဟုတ်)
ဒီအဖွဲ့နဲ့မလုပ်ရလဲ ဘာမှမဖြစ်ဘူး ၊ ဝ မရှိပဲ ဝိလုပ်တဲ့ တလွဲမာနမျိုးတွေ ရှိနေမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခု ပျိုကွဲဖို့ရာ ဖြစ်လာစေပါတယ် ။
၎. အဆိုးမြင်ဝါဒရှိခြင်း
ဒီကိစ္စမှာ ကိုယ်နစ်နာသွားပြီ ၊ ကိုယ်အကြောခံလိုက်ရပြီလို့ စိတ်အထင်နဲ့ ဘယ်သူဘာလုပ်လုပ် အဆိုးမြင်အကြည့်နဲ့ ရယူလိုခွင့်လောဘ ၊ အစွန်းရောက်သော အတွေးအခေါ်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ် ။ အသင်းအဖွဲ့ ပျိုကွဲဖို့ရာ အကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ် ။
ဒါကြောင့် အသင်းအဖွဲ့များစည်းလုံးဖို့ရာ -
၁ . ရပိုင်ခွင့် ၊ ရယူလိုခွင့် လောဘစိတ်ကို ထိန်းချုပ်ပါ
၂ . အကောင်းမြင်စိတ်ရှိပါ
၃ . ကိုယ်မတတ်သည့်အရာကို တတ်သလို အာမခံချက်မပေးမိပါစေနဲ့
၎ . နေရာတကာသိချင်တာမျိုးရှောင်ကြဉ်ပြီး ကိုယ့်အပိုင်းကို တာဝန်ကျေပါ
၅ . တလွဲမာန မထားပါနဲ့
၆ . သစ္စာရှိပါ
အသင်းအဖွဲ့နဲ့ လုပ်ဆောင်ကြသော အဖွဲ့အစည်းများ ၊ လုပ်ငန်းများ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရာ အကြုံပြုရေးသားလိုက်ရပါတယ် ။
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
ယခုလတ်တလော ခရီးသွားရာသီအတွင်း လူကြိုက်များဝယ်ယူလျက်ရှိတဲ့
အိတ်ဆောင်ရေနွေးငွေ့ မီးပူတိုက်စက်နဲ့ပတ်သက်လို့ မိတ်ဆက်ဖော်ပြပေး
လိုက်ပါတယ် ။
ပြင်သစ်နည်းပညာ ၊ စင်္ကာပူနိုင်ငံက တင်သွင်းတယ်လို့ သိရပြီး
အသုံးပြုရအဆင်ပြေတဲ့အပြင် သယ်ယူရ လွယ်ကူပေါ့ပါးစေတယ်လို့
ဆိုပါတယ် ။ အလေးချိန် ၅၇၀ ဂရမ်သာရှိပြီး ရေနွေးငွေ့အတွက် ရေ ၆၀ မီလီမီတာ ဆန့်ပါတယ် ။ လျှပ်စစ်အား - 255 W / 265 W သာလိုအပ်တာမို့
မီတာခအကုန်အကျ သက်သာစေမယ့်အပြင် ပစ္စည်းအရည်အသွေးအတွက် ၁ နှစ်အာမခံပေးထားပါတယ် ။
စိတ်ဝင်စားလို့ ဝယ်ယူချင်သူများအနေနဲ့ iHome Online Shopping ကရောင်း
ချပေးလျက်ရှိပြီး ရန်ကုန်မြို့ တွင်း အိမ်အရောက်ပို့ အခမဲ့ ဝန်ဆောင်မှုပေးတယ်
လို့ဆိုပါတယ် ။ ဈေးနှုန်း ကျပ် ၅၀၀၀၀ ကျသင့်မှာဖြစ်ပြီး မနီလာ ( iHome Online Shopping ) ဖုန်း - 0931482162 သို့ဆက်သွယ်ဝယ်ယူရရှိနိုင်ကြောင်း
ယခုတစ်ပတ် နည်းပညာကဏ္ဍအတွက် တင်ဆက်ပေးလိုက်ရပါတယ် ။
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
ရိုးသားစွာ နေထိုင်တတ်ဖို့ကြိုးစားပါ
သို့သော် ပြောဆိုမှုတိုင်း တန်ဖိုးရှိတဲ့စကားတွေ ဆိုနိုင်ပါစေ ။
ရည်မှန်းချက်ထားပြီး ကြိုးစားပါ
သို့သော် ကိုယ်သွားတဲ့လမ်းကြောင်း ဦးတည်ချက်ရှိပါစေ ။
စာများများဖတ်နိုင်အောင်ကြိုးစားပါ
သို့သော် လေ့လာမှတ်သားပြီး အမှန် ၊ အမှားခွားခြားတတ်ပါစေ ။
လူအများနဲ့ ဆက်ဆံနိုင်အောင်ကြိုးစားပါ
သို့သော် ပြောဆိုဆက်ဆံမှုတိုင်း ဗဟုသုတ ၊ အတွေ့အကြုံယူတတ်ပါစေ ။
မိမိ ရဲ့ အချိန် နဲ့ ငွေတွေကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်အောင်ကြိုးစားပါ
သို့သော် မလိုအပ်တဲ့အရာတွေကို ဦးစားပေးတာမျိုး ရှောင်ကြဉ်တတ်ပါစေ ။
သူငယ်ချင်း ၊ အပေါင်းအသင်းတွေကို အချိန်အများကြီး မပေးမိအောင်ကြိုစားပါ
သို့သော် မိတ်ဆွေကောင်း ၊ မိတ်ဆွေတုတော့ ခွဲခြားတတ်ပါစေ ။
အချစ်ကိုဦစားပေးလွန်းသူတစ်ယောက် မဖြစ်အောင်ကြိုးစားပါ
သို့သော် ဘဝလက်တွဲဖော်ကောင်းကိုတော့ ရွေးချယ်တတ်ပါစေ ။
ခွန်နေ - Khun Nay
Friday, January 9, 2015
လူဆိုတာ တစ်ယောက်အကြိုက် တစ်ယောက်လိုက် ၊ တစ်ယောက်အပေါ် တစ်ယောက်နားလည်ဖို့ မဆိုထားနဲ့ တခါတလေ ကိုယ့်ကိုယ် နားလည်ရခက်တဲ့ အခိုက်အတန့် လူတိုင်းမှာရှိကြမှာပါ ။ ကုန်ပစ္စည်းတစ်ခု (သို့မဟုတ်) အင်္ကျီအဝတ်အစားတွေပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်မယ်ထင်လို့ ရွေးပြီးခါမှ
နောက် ဒီဇိုင်းလေးက ပိုမိုက်နေသလိုလို ၊ ၂ ခုလုံးကို ကြိုက်နှစ်သက်သလိုလို အတော်လေးကို ရွေးချယ်ရခက်တဲ့ အနေအထားမျိုးရှိပါလိမ့်မယ် ။ ဆုံးဖြတ်ချက် ပြတ်သားတဲ့ လူတစ်ယောက်အတွက် ရွေးချယ်ဖို့ဆိုတာ သူ့ဆီမှာ သိပ်များများစားစားမရှိပေမယ့် တွေဝေနေသူအတွက်တော့ ရွေးချယ်ဖို့က အင်မတန် များလွန်းပါတယ် ။
ဒီလိုပါပဲ ။ လူရယ်လို့ဖြစ်လာပြီဆိုရင် အရွယ်ရောက်လာတဲ့အခါ တွေ့ကြ ၊ စုံကြ ၊ ချစ်ကြ ဆိုတဲ့ ဝေါဟာရက ဖယ်ခွာလို့ မရပြန်ပါဘူး ။ ဆိုလိုချင်တာက တခါတလေ လူတွေမှာ ချစ်ရသူ ၂ ယောက် ၊ စိတ်ဝင်စားသူ ၂ ယောက် ပိုင်ဆိုင်ထားတဲ့ အခြေအနေမျိုး ရှိဖူး ကြုံဖူးပါလိမ့်မယ် ။ ပထမတစ်ယောက်နဲ့ စတွေ့တယ် စိတ်ဝင်စားတယ် ၊ ဒုတိယတစ်ယောက်နဲ့ တွေ့တယ် စိတ်ဝင်စားတယ် ။ အဝတ်အထည်တွေလို ငွေရှိရင် ၂ ခုလုံးဝယ်လို့ရပေမယ့်
နှစ်ယောက်လုံး ကိုလက်တွဲဖို့ဆိုတာ နှလုံးသားကိုရင်းပြီး လုပ်ရမယ့်အရာက ကိုယ်ကြိုက်တဲ့ အင်္ကျီ ၂ ထည်လုံးကို ဝယ်လိုက်တာမျိုးလောက် မလွယ်ကူပါဘူး ။
အဲ့အတွက် ကမ္ဘာကျော်မင်းသား Johnny Depp ရဲ့ စကားက ပြတ်ပါတယ် ။
“if you love two people at the same time, choose the second. Because if you really loved the first one, you wouldn't have fallen for the second.”
" တစ်ပြိုင်တည်းလူနှစ်ယောက်ကိုချစ်မိနေတယ်ဟုတ် ။ ဒုတိယ တစ်ယောက်ကို ပဲရွေး ။ ဘာလို့လဲဆိုတော့ မင်းပထမတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် ဒုတိယတစ်ယောက်ကို ချစ်မိစရာအကြောင်း မရှိလို့ပဲ "
ခွန်နေ - Khun Nay
Thursday, January 8, 2015
ခွန်နေ - Khun Nay
ဆရာတစ်ယောက်မှာ ပညာအတူ သင်ကြားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ရှိတယ် ။ ပညာစုံ အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်ကြတယ် ။ ၂ နှစ်လောက်ကြာတဲ့ အချိန် သူငယ်ချင်း ၃ ယောက်ပြန်စုံကြတယ် ။ ၁ ယောက်ကအောင်မြင်ပြီး ကျန် ၂ ယောက်က သာမန်ဝန်ထမ်းဘဝနဲ့ တူညီတဲ့အဆင့်မှာပဲရှိနေခဲ့တယ် ။
အောင်မြင်တဲ့ သူငယ်ချင်းကိုကြည့်ပြီး ကျန် ၂ ယောက်က အားကျနေရတာပေါ့ ။ ဒါနဲ့ သူငယ်ချင်းတွေ တွေ့တုန်းဆုံတုန်း ငယ်ငယ်က ပညာသင်ယူ လေ့လာ ဆည်းပူးခဲ့တဲ့ ဆရာ့ အိမ်ကိုအလည် သွားကြတယ် ။ အလည်လာတဲ့ တပည့်ဟောင်း သုံးယောက်ကို ဆရာက သူကိုယ်တိုင်ပြုလုပ်ထားတဲ့
ဝိုင်နဲ့ ဧည့်ခံတယ် ။ သုံးယောက်လုံး တစ်ပြိုင်တည်း ဆရာပေးတဲ့ ဝိုင်ကို သောက်လိုက်ကြတယ် ။
ကျန်နှစ်ယောက်ကတော့ ဝိုင်ရဲ့ အရသာ အရမ်းကောင်းတယ်ဆိုတဲ့
အကြောင်း ၊ ဆရာ့ကိုကျေးဇူးတင်လို့ နောက်တစ်ခွက်ထပ်သောက်တယ် ။
အောင်မြင်တဲ့ တစ်ယောက်ကျတော့ ဝိုင်ကိုသောက်ချပြီးလိုက်တဲ့ အချိန်မှာပဲ
ဆရာ့ကို မေးခွန်းတွေမေးပါတော့တယ် ။
" အရမ်းအရသာရှိတဲ့ ဝိုင်ကို ဆရာဘယ်လိုလုပ်ခဲ့တာလဲ ကျွန်တော့်ကို ရှင်းပြပါလား"
ဒီလိုနဲ့ဆရာကသူပြုလုပ်ခဲ့ပုံ အဆင့်ဆင့် တနေရာပြီးတနေရာ ရှင်းပြတယ် ။ ကျန် ၂ ယောက်ကတော့ ဝိုင်သောက်ရင်း စကားကောင်းနေလို့ပေါ့ ။
ဆရာရှင်းပြလို့ ပြီးတဲ့အချိန်မှာ အောင်မြင်တဲ့တစ်ယောက်က အချိန်သိပ်မရှိလို့ အားလုံးကိုနှုတ်ဆက်ပြီး စောစောပြန်သွားတယ် ။
ဒါနဲ့ ကျန်တဲ့ တပည့်နှစ်ယောက်က ဆရာ့ကို မေးပါတော့တယ် -
" ဆရာ့ဆီမှာ ပညာသင်တာ ချင်းအတူတူ ကျွန်တော်တို့ကျတော့ မအောင်မြင်ပဲ သူကျဘာလို့ အောင်မြင်သွားရတာလဲ "
" ကဲ..မင်းတို့ကို ငါမေးခွန်းမေးမယ်နော် ။ ခုနက ငါတိုက်တဲ့ ဝိုင်ကောင်းသလား ၊ အရသာရှိသလား "
တပည့် ၂ ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက်ကြောင်ကြည့်လို့ ၊ ဘာများဆိုင်လဲ ပေါ့ ။ ဒီလိုနဲ့ မေးခွန်းကို ပြိုင်တူဖြေလိုက်ပါတယ် ။
" ကောင်းပါတယ်ဆရာ ၊ အရသာလဲရှိပါတယ် "
" မင်းတို့နောက်တစ်ခွက် ထပ်သောက်တော့ရော ၊ အတူတူပဲမလား "
" တစ်ပုလင်းထဲလာတဲ့ဟာကို အတူတူပဲပေါ့ဆရာရဲ့  "
" အဲ့ဒီရဲ့ ဥပမာလိုပဲ မင်းတို့က ဝိုင်ဘယ်လောက်ကောင်းတယ် ၊ အရသာဘယ်လောက်ရှိတယ် ဆိုတာကိုပဲ ခံစားကြတယ် ၊ ဒီလိုအရသာရှိတဲ့ ဝိုင်ကို ဘယ်လိုဖန်တီးယူသလဲ ၊ ဘယ်လောက်ပြုစုခဲ့ရသလဲ ဆိုတဲ့ စူးစမ်းလိုစိတ် မေးမြန်းလိုစိတ် တွေဟာအောင်မြင်နေတဲ့ မင်းတို့ သူငယ်ချင်းလို မရှိခဲ့ကြလို့ပဲ ၊ မင်းတို့က ရလာတဲ့ ရလဒ်တစ်ခုမှာ နစ်မျောနေခဲ့ကြတာကိုး "
သင်ခန်းစာ -
လုပ်ငန်းခွင်မှာ ကိုယ်က ဒီလောက်လစာရတယ် ၊ လစာ တိုးတောင်းတယ် ၊ ဘာလို့မရတာလဲ ။
ဒီကုမ္ပဏီမှာလဲ ရုံးဝန်ထမ်း ၊ သုံးနှစ်ကြာလို့ အလုပ်ပြောင်းတော့လဲ
အခြားကုမ္ပဏီမှာ ရုံးဝန်ထမ်း ၊ ဘယ်လောက်မှ မကွာဟတဲ့ ဒီလစာက ဒီလစာပဲ ။ ဒုံရင်းက ဒုံရင်းပဲ ။ ကိုယ်ဘာတွေ လိုအပ်နေသလဲ ။ ဆရာပေးတဲ့ ဝိုင်တစ်ခွက်က သင့်ကို သင်ခန်းစာရစေမှာပါ ။
ခွန်နေ - Khun Nay
Tuesday, January 6, 2015
TRY-
ကျွန်တော်တို့ ရှင်သန်မှု ၊ ရပ်တည်မှု နဲ့ အနာဂတ်ကောင်းမွန်ဖို့
အတွက် ကြိုးစားရမယ် ။
TRUE
အမှန်တရားကို လက်ကိုင်ထားရမယ် ၊ မှန်ကန်စွာပြုမှုနေထိုင် ဖို့လိုအပ်တယ် ။
TRUST-
ကြိုစားမှုတိုင်းအတွက် ယုံကြည်မှုရှိဖို့ လိုအပ်တယ် ၊ အမှန်တရားအတွက်လည်း
ယုံကြည်မှုကို လက်ကိုင်ထားရမယ် ။ Trust yourself
Try,True,Trust >>>> Triple(T) and then success yours !!!!!
ခွန်နေ - Khun Nay
Friday, January 2, 2015
ကောင်မလေးက ကောင်းလေးကိုမေးတယ် ။
ကောင်မလေး - နင်ငါ့ကိုဘာလို့ချစ်တာလဲ ။
ကောင်လေး - ငါ့မှာအကြောင်းပြချက်မရှိဘူး ။
ကောင်မလေး - မရဘူး ။ ငါ့ကိုချစ်ရတဲ့ အကြောင်းပြချက် တစ်ခုခု ရှိကို ရှိရမယ် ။
ကောင်လေး - နင်က ချောတယ် ၊ လှတယ်။ စွဲဆောင်မှုရှိတယ် ။ အဲဒါကြောင့် မို့ချစ်တာ။
တစ်နေ့တော့ ကောင်မလေးက မတော်တဆ နေမကောင်းဖြစ်ပြီး ဆေးရုံတင်လိုက်ရတဲ့အထိဖြစ်သွားတယ် ။
ကျန်းမာရေးမကောင်းတော့ နှုတ်ခမ်းတွေလည်း ဖြူလာတယ်။ ခန္ဓာကိုယ်လည်း ပိုင်ကျလာတယ် ။ ဒီလိုနဲ့နေမကောင်းဖြစ်နေတဲ့ ချစ်သူဆီကို ကောင်လေးက သွားတွေ့တယ်။ တွေ့တော့ ကောင်မလေးက ကောင်လေးကို မေးတယ် ။
ကောင်မလေး - နင့်ငါ့ကိုအရင်လို ချစ်နေသေးလား ?
ကောင်လေး - အခု နင်အရင်လိုမလှတော့ဘူး ၊ စွဲဆောင်မှုလည်းမရှိတော့ဘူး ၊
ဒါပေမယ့် ငါ့နင့်ကိုချစ်နေတုန်းပဲလေ ။
ကောင်မလေးက ဝမ်းနည်းစွာ ငိုကြွေးလျက် ။
ဝမ်းနည်းနေတဲ့ချစ်သူကိုကြည့်ပြီး ကောင်လေးက သူမရဲ့ လက်ကို နွေးထွေးစွာ ဖမ်းဆုပ်လို့ ပြောလိုက်တယ် ။
" မင်းအခုသိပြီလား ၊ အချစ်မှာ အကြောင်းပြချက် မရှိဘူးဆိုတာ"
" Now you Understand? Love doesn't need reasons
I Love u and still love you no matter what Happens.."
ခွန်နေ - Khun Nay 
Advertisement
Advertisement
Advertisment
Ad
Advertisment
Contact Us
09420112050
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ
Advertisement
Find Us On Facebook