Thursday, February 5, 2015



ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

လူငယ်တွေအတွက် အတွေးအခေါ်အယူအဆပိုင်းနဲ့ပတ်သက်လို့ မိဘရဲ့  အုပ်ထိန်းမှုကြောင့် ဘယ်လိုကွာဟသွားတယ်ဆိုတာ အနောက်နိုင်ငံသားတွေနဲ့ ယှဉ်ပြီး စာတိုလေး တစ်ပုဒ်ရေးခဲ့ဖူးတယ် ။ ဒီစာကိုဖတ်လိုက်တဲ့ စာဖတ်သူတွေ ထဲက အန်တီတစ်ယောက် ကျွန်တော်ဆီကိုဆက်သွယ်လာတယ် ။ သား ကို ထိန်းချုပ်လို့မရတဲ့ အတွက် ဘယ်လိုလုပ်ရမှန်းမသိလို့ ပေ့ခ်ျမှာတွေ့တဲ့
ကျွန်တော့် ဖုန်းကို ဆက်ပြီး ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံအဥာဏ်ပေးဖို့ ပြောတယ် ။
ဘာရယ်မဟုတ် မိဘတစ်ယောက်ရဲ့  သားအပေါ်မှာထားတဲ့ စိုးရိမ်ပူပန်စိတ် မေတ္တာတရားက ပေါ်လွင် လွန်းတဲ့အတွက် ကျွန်တော် အတော်လေး စိတ်မကောင်း ဖြစ်မိတယ် ။

တက္ကသိုလ် ပထမနှစ်တက်နေတဲ့ သားဖြစ်သူက အရင်လို ပြောလို့ ဆိုလို့မရ ၊ ဂိမ်းဆိုင်မှာ အချိန်ဖြုန်း ၊ အိမ်ပြန်မအိပ်တာမျိုးအထိဖြစ်နေတယ် ။ အရင်လို ကျောင်းပုံမှန်မတက်တော့ဘူး ။ ကျောင်းသွားဖို့အတွက်လည်း ဖိအားပေးလို့ မရတဲ့ အခြေအနေတစ်ခုမှာရှိတယ်လို့ ဆိုတယ် ။
ဖြစ်စဉ်က ကျွန်တော်ကိုယ်တိုင် ကျောင်းတက်တဲ့အရွယ်က ပုံစံနဲ့တူနေတယ် ။ မိဘနေရာကနေကူညီအကြံပေးဖို့ဆိုတာကလည်း ကျွန်တော်ကိုယ်တိုင် မိဘမဟုတ်တော့ ခက်နေပြန်တယ် ။ ဒီတော့ ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့ ပတ်ဝန်းကျင်နဲ့ လက်ရှိကာလတစ်ခုကို ဥာဏ်ရည်မှီသလောက် ဆွေးနွေးကြည့် ချင်တယ် ။

မိဘနဲ့သားသမီးကြား နားလည်မှုခက်စေတာက လက်ရှိ ဆယ်ကျော်သက် လူငယ်တွေ အတော်များများ ဖြတ်သန်းနေတဲ့ ယဉ်ကျေးမှု တစ်ခုကြောင့် ဖြစ်နေတယ် ။ တနေ့တခြားမြန်ဆန်ဖွံ့ ဖြိုးလားတဲ့ ခေတ်မှာ စီးပွာရေး ၊ လူမှုရေး ၊ ယဉ်ကျေးမှုက အစပြောင်းလဲမှုတွေ မြန်နေတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်မပြောနဲ့ လွန်ခဲ့တဲ့ ငါးနှစ်တာကာလ ကျွန်တော်တို့ ဆယ်ကျော်သက် အရွယ် လူနေမှု အခြေအနေနဲ့ ယခုလက်ရှိ ဆယ်ကျော်သက် လူနေမှု အခြေအနေတောင် အများကြီးပြောင်းလဲသွားတာကို တွေ့ရတယ် ။

တနေ့တခြား အပျော်တွေများလာတယ် ။ Entertainment တွေကလည်း တနေ့တစ်မျိုးမရိုးအောင် အတန်းစီနေတယ် ။ ဆက်သွယ်ရေး စနစ်တွေ သိသိသာသာ ဖွံ့ဖြိုးလာတဲ့အတွက် ကျွန်တော်တို့ခေတ် တစ်အိမ်မှာ ဖုန်းတစ်လုံးအနိုင်နိုင်ဖြစ်ရာကနေ ယခုလက်ရှိ လူငယ်တိုင်းရဲ့ လက်မှာ အဆင့်မြင့် ထိတွေ့မျက်နှာပြင်စမတ်ဖုန်းတွေ ကိုင်ဆောင်လာနိုင်တယ် ။ လူငယ်အကြိုက် ဖျော်ဖြေရေး အဆင့်မြင့် ဂိမ်းတွေလည်း ပေါလာတယ် ။ လက်ဖေ့ရည်ဆိုင်နေရာတွေမှာ ဘီယာဆိုင်တွေနေရာယူလာတယ် ။

ဆယ်ကျော်သက် ၁၆ နှစ် ၊ ၁၇ နှစ် အရွယ်လူငယ်တွေဆိုတာကလည်း State ကျောင်းကို ဖြတ်ကျော်ပြီးကာစ ဖြစ်နေတာရယ် ၊ ကျွန်တော်တို့ ရဲ့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းပညာသင်ကြားရေးစနစ်က ချုပ်နှောင်ပိတ်ပင် ထားခဲ့တဲ့စနစ် ၊ အတွေးအခေါ်ပိုင်း ၊ အယူအဆပိုင်း ဘာတစ်ခုမှ လမ်းပြလာခဲ့တာမျိုးမရှိခဲ့ဘူး ။ မိဘတွေကလည်း ဒီလိုပညာသင်ကြားရေး ပတ်ဝန်းကျင်မှာနေထိုင်လာခဲ့ပြီး သားသမီးတွေကို ကျောင်းသွား ၊ အိမ်ပြန် ၊ စာလုပ် ၊ ကျုရှင်တက် ဒီနည်းလမ်းကို ပုံသေစွဲကိုင်ထားတယ် ။

ပုံသေနည်းအတိုင်း ဖြတ်သန်းလာခဲ့ရတဲ့ လူငယ်တစ်ယောက် အနေနဲ့ အခြားသော ဗဟုသုတ ၊ ပတ်ဝန်းကျင်တွေကို လေ့လာခဲ့ရတာမျိုး နည်းပါးခဲ့တယ် ။ အထက်တန်းကျောင်းသားကာလ ပြီးသွားလို့ တက္ကသိုလ်တက်ရမယ့် အချိန်လောက်မျိုးမှာ လူငယ်တွေအတွက် လွတ်လပ်ခွင့်က State ကျောင်းသားဘဝ တုန်းကထက် ကွာခြားသွားတယ် ။

သာမန် တက္ကသိုလ်ကျောင်းတစ်ခုအနေနဲ့ စည်းကမ်းတင်းကြပ်ထားတာမျိုး မရှိတော့ဘူး ။ ကျောင်းမတက်ရလို့လဲ အရေးတစ်ယူလုပ်တာမျိုး မရှိသလို ပညာသင်ကြားရေးစနစ်ကလည်း စွဲဆောင်မှုနည်းတယ် ။ ဒီလိုအချက်တွေကြောင့်လဲ တက္ကသိုလ်ကျောင်းတက်တဲ့ကာလမှာ ဆယ်ကျော်သက် လူငယ်ပိုင်းအနေနဲ့ လွတ်လပ်မှု အမြင့်ဆုံးရောက်ရှိတဲ့ အချိန်ဖြစ်သွားတယ် ။ အပေါင်းအသင်းတွေ စုံလာတယ် ၊ စူးစမ်း လေ့လာလိုစိတ်တွေ များလာတယ် ။ ဒီလိုကာလမှာ ဆယ်ကျော်သက်တွေ ရွေးချယ်တဲ့အခါ မလုပ်ဖူးခဲ့တဲ့အရာတွေ ၊ လက်ရှိခေတ်မှာ အရမ်းပေါ်ပြူလာ ဖြစ်နေတာမျိုးတွေကို လုပ်ချင်ကြတယ် ။

ဝါသနာပါလာတာမျိုး ၊ ဦးတည်ချက်ရှိရှိ လုပ်ခဲ့တာမျိုးမဟုတ်ဘူး ။ သူငယ်ချင်းတွေ ဂိမ်းဆော့တယ် ။ ဥပမာ Dota-2 လိုဂိမ်းမျိုး ၊ သူများတွေဆော့လို့ ကိုယ်လိုက်ဆော့တယ် ။ ဆော့ရင်းနဲ့ ကစားလို့ ကောင်းတဲ့ဂိမ်းဖြစ်တဲ့အတွက် စွဲလမ်းသွားတယ် ။ နောက်ပိုင်း ဆေးလိပ် ၊ ကွမ်း ၊ အရက် ပတ်ဝန်းကျင်မှာ လုပ်နေရင် လိုက်လုပ်တတ်လာတာမျိုးတွေအထိရှိမယ် ။ တက္ကသိုလ်ကျောင်းမသွားတော့ပဲ စာအုပ်ဖိုးတွေ ဂိမ်းဆိုင်ရောက်သွားတာမျိုး ၊ ကျုရှင်ဖိုးတွေကို အခြားအပြင်မှာ လျှောက်သုံး လိုက်တာမျိုးတွေ ရှိလာ တတ်တယ် ။

မကောင်းမှန်းသိပေမယ့် ဒီလိုကာလတစ်ခုမှာ မိဘ တွေအနေနဲ့ State ကျောင်းတက်ခဲ့စဉ် အချိန်တုန်းကလို ပုံသွင်းဖို့ ၊ ပိတ်ပင်ဖို့ဆိုတာ အင်မတန်ခက်တယ် ။ အဲ့တော့ မိဘတွေအနေနဲ့ သားသမီးတွေကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်းဖြစ်ဖို့ဆိုတဲ့နေရာမှာ လက်ရှိ ခေတ်ကာလတစ်ခု ဘယ်လို ဖြတ်သန်းနေလည်း ဆိုတာကို အရင်ဆုံး လေ့လာစူးစမ်းထားဖို့လိုတယ် ။
ဥပမာ လူငယ် တော်တော်များများ ဖေ့စ်ဘွတ်ခ်တွေသုံးတယ် ၊ ခံစားချက်တွေ ရင်ဖွင့်ထားတာမျိုးတွေရှိမယ် ။ သားသမီးတွေကို ပဲ အာရုံစိုက် စိတ်နစ်နေတဲ့ ကာလတစ်ခုမှာ ကိုယ်ကိုတိုင် ကလည်း အပြင်ဗဟုသုတတွေ နဲ့ရင်းနှီးမှု အနည်းငယ်ယူထားရမယ် ။
လူငယ်ပီပီ အိမ်မှာနေတဲ့အခါမျိုးမှာ နာမည်ကြီးရုပ်ရှင်ကားတွေ သူငယ်ချင်း ပြောတာကောင်းလို့ ကြည့်တဲ့အချိန်တွေရှိမယ် ။ ဒီလိုအချိန်မှာ အချို့ မိဘ တွေက နိုင်ငံခြားကားကြည့်တယ်ဆိုရင် နားမလည်လို့ ဗမာကားပဲ ကြည့်ချင်တယ် ဟိုပြောင်းပေး ၊ ဒီပြောင်းပေးလုပ်တယ် ။ ဆယ်ကျော်သက် လူငယ်တွေ အတွက် အင်မတန်စိတ်ကသိ ၊ ကအောက်ဖြစ်ရတယ် ။ မိဘတစ်ယောက်အနေနဲ့ ဝါသနာမပါဘူးဆိုရင်တောင် သူတို့ကြည့်နေတဲ့ ဇာတ်လမ်းကို ကိုယ်ကို တိုင် ဝင်ကြည့်ပြီး နားမလည်တဲ့အခါ သား၊သမီး ဖြစ်သူနဲ့ ဆွေးနွေးတာမျိုး ၊မေးမြန်းတာမျိုး လုပ်စေချင်တယ် ။ ဒီလိုလုပ်ချင်းအားဖြင့် ဆယ်ကျော်သက် လူငယ်တွေအတွက် အိမ်မှာနေရတာမျိုး နှစ်သက်လာတယ် ။

လုပ်သမျှအရာတိုင်းကို အတင်းအကျပ် ပိတ်ပင်နေတာမျိုးထက် ဒီအမှားမျိုး ရှိတယ် ဆိုတာကိုလည်း နားဝင်အောင်ကြိုတင် ပြောထားဖို့လိုတယ် ။ အတွေးအခေါ်ပိုင်းနဲ့ ပတ်သက်လို့ နေ့စဉ်ပြောဆို ဆွေးနွေးမှုမျိုး လုပ်ပေးသင့်တယ် ။ ကျောင်းစာတွေလုပ်ဖို့ပဲ ဖိပြောနေမယ့်အစား အခြားသော ရသစာပေ ၊ အပြင်လောကမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေလို ဟာမျိုးကို ကိုယ်ကိုတိုင် ဖတ်ရှုလို့သိထားသလို သားသမီး တွေကို မျှဝေထားဖို့လိုတယ် ။ ညဖက်အပြင်ထွက်လို့ ပေးမထွက်ဘူးဆိုတာမျိုးထက် ညဘက်အပြင်မှာ အရမ်းနောက်မကျဖို့ ပြောစေချင်တယ် ။ နောက်ကျလို့ ၊ ပြန်မအိပ်လာတာမျိုး ရှိလာခဲ့မယ်ဆိုရင်လည်း အကြောင်းအရာတစ်ခုကို လက်တွေ့ကျကျ ဆွေးနွေးစေချင်တယ် ။ မိဘကိုပဲ အားကိုးပြီး နေချင်သလိုနေလို့ မရဘူးဆိုတဲ့ ကိုယ့်ကို ကိုယ် ရပ်တည်ချင်စိတ်ဖြစ်လာအောင် တွန်းပို့တာမျိုးပဲဖြစ်စေချင်တယ် ။

သားသမီးတွေကလည်း ကွာဟမှုမြန်ဆန်လာတဲ့ ခေတ်မှာ လူကြီးတွေရဲ့  နောက်ကျကျန်ခဲ့မှုကို ပါဝင်လာအောင် ထောက်ပြတာမျိုးရှိဖို့လိုသလို လူကြီးတွေဘက်ကလည်း ဒါတွေကို အဆိုးမြင်တာထက် မှန်မမှန် ကိုယ်တိုင် စူးစမ်းထားဖို့လိုတယ် ။ လူငယ်တွေကလည်း ကိုယ်လုပ်ချင်တဲ့အရာတစ်ခု မိဘအားကိုးတာမျိုးမဟုတ်ပဲ ကိုယ်တိုင် ရပ်တည်ချင်စိတ်ဖြစ်အောင် မွေးထားတတ်ဖို့လဲလိုတယ် ။ ငယ်ရွယ်စဉ်အချိန် ပျော်လို့ရတယ် ၊ လွတ်လပ်စွာ တွေးလို့ရတယ် ။ ဒါပေမယ့် ကိုယ်လုပ်ဆောင်မှုတိုင်းမှာ အချိန်ကာလတစ်ခု ဘယ်လောက်ထိ သွားမှာလဲ ကန့်သတ်ထားဖို့လိုအပ်တယ် ။ လူငယ်တွေဆိုတာ အနာဂတ်ရဲ့ ဦးဆောင်သူ တစ်ယောက် ဖြစ်ပြီး လူကြီးတွေဆိုတာ ကူညီပံ့ပိုး လမ်းပြပေးသူအနေနဲ့ပဲ ဖြစ်စေချင်တယ်လို့ ကျွန်တော်ထင်မြင်ယူဆ တယ် ။

ကျွန်တော့် စာလေးနည်းနည်းရှည်သွားပြီထင်တယ် ။ ကျွန်တော်ကိုယ်တိုင် ဥာဏ်မှီသလောက်လေး တွေးပြီး ရေးထားတာ ဖြစ်တဲ့အတွက် ဒီစာလေး မှာ မှားတာတွေလည်း ပါမယ် ၊ လိုအပ်ချက်တွေလည်း ရှိလိမ့်မယ် ။ ဒါကြောင့် ကွန်မက်ပေးပြီး ယဉ်ကျေးစွာ ဝင်ရောက်ဆွေးနွေးပေးနိုင်ပါတယ်လို့ ဒီမှာတင်ရပ်နားလို့ အကြံပြုရေးသားလိုက်ရပါတယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook