![]() |
Photo Credit - 7Day |
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
ကျောင်းသားသပိတ်နဲ့ပတ်သက်လို့ ဒီအပေါ်မှာ Khun Nay Media
ကဘယ်လို မြင်လဲလို့ စာဖတ်သူတွေထဲက မေးမြန်းတာမျိုးတွေရှိသလို ၊ သတင်းသမားတွေကနေလည်း မေးထားတာမျိုးတွေရှိတယ် ။
သူတို့ မေးတဲ့အချိန်က စတင်ချီတက်လာတဲ့ အချိန်လောက်ပဲရှိဦးမယ် ။ အဲ့တုန်းက ကျွန်တော်အနေနဲ့ ဝေဖန်ဖို့ ဆိုတဲ့အခါမှာ အမျိုးသားပညာရေးနဲ့ ပတ်သက်လို့လေ့လာနေတာရယ် ၊ ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက်တွေကို တိတိကျကျ မသိရှိသေးတာရယ် ကြောင့် ဘာမှမပြောဖြစ်ခဲ့ဘူး ။
အခုချိန်ထိလည်း ကျောင်းသားအရေးနဲ့ပတ်သက်လို့ လေ့လာဖတ်ရှုနေရတုန်းပဲ ။ ဒီတော့ ကျွန်တော်လေ့လာဖတ်ရှု ၊ မေးမြန်းခဲ့ရသလောက်အပေါ်မှာ ကျွန်တော့်အနေနဲ့ ဒီ ကျောင်းသားသပိတ်ကို ထောက်ခံလား ၊ ကန့်ကွက်လား ဆိုတာထက်မှန်နေတာနဲ့မှားနေတာလေးတွေကိုပဲ ဥာဏ်ရည်မှီသလောက် ဆွေးနွေးကြည့်ချင်တယ် ။ ကျောင်းသားသပိတ်နဲ့ပတ်သက်လို့ မှန်တယ် ၊ မှားတယ်ဆိုတာထက်ကို အရင်ဆုံး ထောက်ခံသူနဲ့ အားပေးသူ အုပ်စုနှစ်ခုကို အရင်ဆုံး လေ့လာကြည့်ချင်တယ် ။
ဒီအုပ်စုနှစ်ခုကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ထောက်ခံသူအများစုဟာ ယခင် ဖိနှိပ်ခံစစ်အစိုးရအောက်မှာ ကြီးပျင်းလာသူတွေဖြစ်တယ် ။ ရှေ့ မှီ နောက်မှီ သူတွေ ပေါ့ ။ ပြီးတော့ အစိုးရပညာရေးစနစ်ကို ပြီးမြောက်သည်အထိ သင်ကြားထားပြီး လက်တွေ့အသုံးချခွင့် မရရှိသူတွေနဲ့ ကျောင်းမပြီးသေးတဲ့
နှစ်ရှည်ကျောင်းသားကြီးတွေပါဝင်တယ် ။ ကျောင်းတက်ရမှာ စိတ်မပါတဲ့ ကျောင်းသား လူငယ်အချို့ တွေလည်းပါတယ် ။ (တကယ့် စိတ်အား ထက်သန်စွာပါဝင်နေသူ လူငယ်တွေမရှိဘူးလို့ ဆိုလိုခြင်းမဟုတ်ရပါ ။ စိတ်အားထက်သန်စွာလုပ်ဆောင်နေတဲ့ လူငယ်စုကို အားပေးနေသူအများစုရဲ့  အခြေအနေကို ဆိုလိုတာပါ ။ )
အမျိုးသားပညာရေး စနစ်ကို ဆန့်ကျင်တဲ့ အပေါ်မှာ မနှစ်သက်သူ အများစုက စာမေးပွဲကာလ နီးကပ်နေပြီဖြစ်တဲ့ ကလေးတွေအတွက် စိုးရိပ်ပူပန်နေကြတဲ့ ကျောင်းသားမိဘတွေရယ် ၊ လုပ်ငန်းခွင်မှာ အတည်တကျလုပ်ကိုင်နေတဲ့ လူကြီးလူငယ် တွေရယ် ၊ အစိုးရကျောင်းဆရာ/ဆရာမ အများစုရယ်က ဒီဆန့်ကျင်မှုကို သိပ်ဘဝင်မကျတာကို တွေ့ရတယ် ။
ပြီးတော့ ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ပညာရေးဝန်ကြီးဘက် လိုက်လျောပေးဖို့ ကနဦးသဘောတူထားတယ် ၊
နှစ်ဦးနှစ်ဘက်ညှိနှိုင်းပြီး ကျောင်းသားတွေ သပိတ်ကိုရပ်နားဖို့ တောင်းဆိုထားတယ် ။ ကျောင်းသားတွေဘက်က အလုံးဆုံးသဘောတူမှ သပိတ်ရပ်နားမယ်လို့ ပြောတယ် ။ ဒါတွေက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ့ ။
သဘောတူခြင်း ၊ မတူခြင်းဆိုတာထက် ကျွန်တော်အနေနဲ့ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ပြန်ကြည့်မယ်ဆိုရင် အချက်တွေအားလုံးက အလျင်အမြန်အကောင်ထည်ဖို့ မဖြစ်နိုင်တဲ့ အချက်တွေပါဝင်နေတာကိုတွေ့ရတယ် ။
ဥပမာ Mother Tongue bassed Multilingual Education လိုစနစ်မျိုးဆိုရင် အကောင်ထည်ဖော်ဖို့အတွက် အချိန်ကာလ တော်တော်ယူရမယ် ။ အချိန်ယူလို့ ပြီးသွားတယ်ဆိုဦးတော့ ကျွန်တော်ကိုယ်တိုင် တိုင်းရင်းသား တစ်ယောက်အနေနဲ့ ဆိုရင် ဒီအချက်ကို ကြည့်ရင် သဘောမတူချင်ဘူး ။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ် (Mother Tongue bassed Multilingual Education ) ။ ဒီအချက်က ပညာတတ် ကျောင်းသားတွေ လမ်းလျှော်နိုင်တဲ့အချက်ဖြစ်သလို ဒေသအလိုက် မျိုးနွယ်စုအချင်းချင်း ပြဿနာဖြစ်နိုင်တဲ့အချက်လို့မြင်တယ် ။
ဆိုလိုချင်တာက ရှမ်းပြည်မှာဆို သင်ရိုးတွေကို ရှမ်းဘာသာနဲ့ ပြဌာန်းတဲ့သဘော ဖြစ်နေတယ် ။ ရှမ်းပြည်မှာကလည်း လူမျိုးစုပေါင်းက အမျိုး ၂၀ ထက် မကရှိနေတယ် ။ ရှမ်းပြည်မှာနေထိုင်တဲ့ ပအိုဝ်တိုင်းရင်းသားတွေကလည်း၊ ပအိုဝ်စာပေ ၊ ပအိုဝ်ယဉ်ကျေးမှုရှိတဲ့အတွက် ပအိုဝ်စာနဲ့ ပြောင်းသင်မှ အဆင်ပြေမယ် ဆိုပြီး ဖြစ်လာနိုင်တယ် ။ ဒီအချက်တွေကိုဖြေရှင်းပြီးလို့ မြို့ နယ် အလိုက် သင်စေလို့ သတ်မှတ်လို့ရသွားတယ်ပဲ ထားဦး ၊ တိုင်းရင်းစာပေတွေနဲ့
ကျွမ်းကျင်စွာ သင်ကြားပြသနိုင်တဲ့ လူ့အရင်းအမြစ် Human resource လုံလုံလောက်လောက် မရှိနိုင်သေးဘူးလို့မြင်တယ် ။ ရှိတယ်ပဲ ထားလိုက်ဦးတော့ ။ တိုင်းရင်းဘာသာနဲ့ သင်ယူပြီးမြောက်သွားတဲ့ ကျောင်းသားအနေနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါကျ မြန်မာစာပေကို ကောင်းကောင်းမွန်မွန် မတတ်ပြန်တော့ မြန်မာစာကို ပြန်သင်ယူရပြန်တယ် ။ နောက်ထွက်လာမယ့် မျိုးဆက်သစ်တွေ မြန်မာစာ ၊ မြန်မာစကား ကောင်းကောင်းမပြောတတ်တဲ့အပြင် ဖြစ်ပေါ်နေတဲ့ ခေတ်ကာလ သတင်းတွေနဲ့ပါ အဆက်ပြတ်သွားနိုင်တဲ့ အနေအထား ။ ဒီအချက်ကိုတော့ တိုင်းရင်းသားဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ထောက်ခံလို့မရတဲ့ အချက်ဖြစ်နေတယ် ။ ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆိုတာကလည်း ကျွန်တော်ခုနက ပြောသလိုပဲ ကျွမ်းကျင် လူ့အရင်းအမြစ်တွေလိုအပ်တယ် ။
အချို့ အချက်တွေ အလျင်အမြန်အကောင်ထည်ဖော်လို့ရတာတွေ့ရပေမယ့် စနစ် အားလုံးကိုပြောင်းလဲဖို့ဆိုတာ ချက်ချင်း လုပ်ဆောင်လို့မရနိုင်ဘူးလို့မြင်တယ် ။ ပြီးတော့ မသန်းစွမ်းတွေအတွက် တောင်းဆိုထားတဲ့အချက်တွေကို ပိုမိုကောင်းမွန်တဲ့ အခွင့်ရေးတွေ ၊ သင်ကြားခွင့်စနစ်တွေကိုပါ ယခုထက်ပိုပြီး ထည့်သွင်းစေချင်တယ် ။
အနှစ်ချုပ်အနေနဲ့ အမျိုးသားပညာရေးစနစ်အတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးကို ကြိုဆိုတယ် ။ သို့ပေမယ့် အချက်အလက်အားလုံး ကိုအကောင်အထည်ဖော်ဖို့လွယ်ကူမယ်လို့တော့ မထင်ဘူး ။ လက်ရှိမြန်မာပြည် ပညာရေးစနစ်က မြေလှန်ပစ်မှရမယ့်အနေအထားဖြစ်နေတယ်ရယ် ၊ ချက်ချင်းပြောင်းလဲဖို့ လူ့အရင်းအမြစ် မရှိသေးတဲ့ အချက်က ကြီးမားတဲ့ အခက်အခဲဖြစ်စေတယ် ။
ကျွန်တော့်အနေနဲ့ အမျိုးသားပညာရေးအတွက် အပြုသဘောဆောင်တဲ့ အကြံတစ်ခုလောက်ပေးပါဆိုရင် အနီးကပ်မြင်တွေ့နေရတဲ့ အန္ဒိယ ပညာသင်ကြားရေးစနစ်ကို အတုယူစေချင်တယ် ။ သင်ရိုးတွေအားလုံးကို အင်္ဂလိပ်ဘာသာနဲ့ ပြောင်းလဲသင်ကြားစေပြီး ကျောင်းတိုင်းကို အင်္ဂလိပ်စကားပြောနဲ့ သင်ကြားဖို့လုပ်ဆောင်စေခဲ့တယ် ။ ဒီတော့ မြန်မာနိုင်နိုင်ငံမှာလည်း ကျောင်းသားလူငယ်တွေ ၊ တိုင်းရင်းသားတွေကို တစ်ကယ် အလျင်အမြန်တိုးတက်စေချင်တယ်ဆိုရင် မြန်မာဘာသာကို မြန်မာစာနဲ့ သင်ကြားတာကလွဲလို့ သမိုင်း ၊ ပထဝီတွေအပြင် အခြားသော ဘာသာတွေအားလုံးကို အင်္ဂလိပ်စာ ၊ အင်္ဂလိပ်စကားပြောနဲ့ သင်ကြား လိုက်မယ်ဆိုရင် ပြောင်းလဲဖို့လိုအပ်နေတဲ့ မြန်မာပြည် ပညာသင်ကြားရေးနစ် အတွက် ပိုပြီး နီးစပ်စေမလားလို့ ထင်မြင်ယူဆ ရေးသားလိုက်ရပါတယ် ။
ဝေဖန်မှုများအတွက် ဖတ်ရှုပေးကြတဲ့စာဖတ်သူများအနေနဲ့လည်း
ယခုဆွေးနွေးချက်ကို ယဉ်ကျေးစွာ ထောက်ပြဝေဖန်ပေးပါလို့ ဖိတ်ခေါ်အပ်ပါတယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။