လူတွေဟာ ဝါးလုံးခေါင်းထဲလသာသလိုမျိုး ကိုယ့်အလိုကျဖြစ်နေတဲ့ ပတ်ဝန်းကျင်သေးသေးလေးမှာပဲ နေထိုင်ပျော်မွေ့နေရင် တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်လို့ အောက်ပါနည်းလမ်းငါးသွယ်နဲ့ မိမိကိုယ်ကိုယ် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာအောင် ပျိုးထောင်ကြည့်ပါ။
(၁)မိမိထက်သာသူကို အစဉ်ရှာဖွေပါ…
အကယ်၍ သင့်ပတ်ဝန်းကျင်မှာ သင်က အတောက်ပဆုံးကြယ်ပွင့် ဖြစ်နေပြီဆိုရင် သင်ဟာ အခြားသောပတ်ဝန်းကျင်က မိမိထက်သာလွန်သူကို ရှာဖွေဖို့ အချိန်ကျလာပြီပဲဖြစ်ပါတယ်။ သင်ဟာ တိုးတက်ချင်သူတစ်ယောက်ဆိုရင် သင်ပြုလုပ်ရမှာက သင့်ဆီမှာရှိတဲ့ အသိပညာကို လူတွေကို ဖြန့်ဝေပေးဖို့အပြင် မိမိထက်တတ်သူတွေဆီက သင်ယူဖို့လည်းလိုအပ်ပါတယ်။
မည်မျှပင်သေးငယ်ပါစေမူ မိမိမသိသေးသော အကျိုးရှိသောအကြောင်းအရာများကို
တစ်ပါးသူတွေဆီက ပါးနပ်လိမ္မာစွာ သင်ယူတတ်ပြီဆိုရင် လျင်မြန်စွာတိုးတက်ပါလိမ့်မယ်။
(၂)မိမိကိုယ်ကိုယ် အလုံးစုံ အားရကျေနပ်မနေပါနဲ့…
လူတွေဟာ မိမိတို့ ဘဝပေးအခြေအနေလေးမှာပဲ အလိုက်သင့်စီးမျောနေထိုင်နေရင်

တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ “နှစ်”နေရာဟာ သင့်အတွက် လုံလောက်ကောင်းမွန်နေပြီလို့ ထင်နေရင်တော့ “တစ်”နေရာကို သင်တက်လာတော့မှာ မဟုတ်ပါဘူး။ ဒါဟာ သင်ရရှိပိုင်ဆိုင်ထားတာကို အထင်သေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ မိမိရရှိပိုင်ဆိုင်ထားတာကိုလည်း တန်ဖိုးထားပါ။ ဒါပေမဲ့ မိမိကိုယ်ကို အားရကျေနပ်လွန်းပြီး ပေါ့လျော့နေရင် မတိုးတက်နိုင်ပါဘူး။
(၃)အနာခံမှ အသာစံရမယ်…
ဘဝမှာ မိမိလိုချင်တာကိုရဖို့ အေးအေးသာသာ ထိုင်စောင့်နေလို့ မရပါဘူး။ “အနာခံမှအသာစံ” ဆိုသလို ကြိုးစားတန်ရာ ကြိုးစားရမှာပါ။ လူအတော်များများဟာ မိမိတို့လုပ်ဆောင်နိုင်တာရဲ့ ၇၀%လောက်သာ လုပ်ဆောင်ကြပါတယ်။ အနာခံသမားတွေအတွက်ကတော့ သူတို့လုပ်ဆောင်နိုင်တာရဲ့ ၉၀%အထိ လုပ်ဆောင်ပြီးသည့်တိုင် ကြိုးကြိုးစားစား မလုပ်ဆောင်ရသေးဘူးလို့သာ သတ်မှတ်ထားကြပါတယ်။ အလုပ်ကို မိမိလုပ်နေကျအချိန်ထက် တစ်နာရီ နှစ်နာရီပိုလုပ်လိုက်တာ၊ အိပ်ချိန်တွေထဲကနေ အလုပ်ချိန်နည်းနည်းဖဲ့ပေးလိုက်တာဟာ မိမိကိုယ်ကိုယ် တိုးတက်ဖို့လုပ်ဆောင်နေတာပါပဲ။ ဒီလိုပြုလုပ်ခြင်းကို မနှစ်သက်သော်ငြား အမြဲကြိုးစား လုပ်ဆောင်နေမယ်ဆိုရင် သင်ဟာ တစ်နေ့တစ်ခြား ပိုမိုတိုးတက်လာပါလိမ့်မယ်။
(၄)သင့်ရဲ့ဦးတည်ရာဟာ ရှေ့သို့ ဆိုတာပဲဖြစ်ပါစေ…
သင်အစပြုထားတဲ့ အလုပ်တစ်ခုကို သင်ရည်မှန်းထားတဲ့ “ပန်းတိုင်”အဆုံးသတ် ကိုရောက်အောင် ပြုလုပ်ရမဲ့ တစ်ခုတည်းသောနည်းဟာ ရှေ့သို့အမြဲ ဆက်သွားနေဖို့ပါပဲ။ သင့်အနားကလူတွေက သင့်ကို နောက်ဆုတ်ဖို့ တိုက်တွန်းရင်ပဲဖြစ်စေ အခက်အခဲအတားအဆီးတွေ ကြုံလာရင်ပဲဖြစ်စေ အများက လက်လျော့အရှုံးပေးလိုက်ရင်ပဲဖြစ်စေ မယိမ်းယိုင်ဘဲ ဆုံးခန်းတိုင်အောင်လုပ်ဆောင်ရမှာပါ။ ဒီလို လုပ်ဆောင်နိုင်ဖို့ရာ မိမိကိုအကြံပေးနိုင်တဲ့လူ ဒါမှမဟုတ် မိမိအိမ်မက်ကို ယုံကြည်ပြီး အားပေးမဲ့လူလည်းရှိဖို့ လိုအပ်ပါတယ်။ အဲ့လိုလူ မရှိသေးဘူးဆိုရင်တော့ သင့်နယ်ပယ်တူထဲက သင်လေးစားအားကျရသူတစ်ယောက်ကို ရှာဖွေပြီး အားအင်တွေရယူနိုင်ပါတယ်။
(၅)အရှုံးကို မိတ်ဆွေသူငယ်ချင်းလို သဘောထားပါ…
ပညာရှိတစ်ယောက်က ပြောခဲ့ဖူးပါတယ်။ “အရှုံးဆိုတာ အောင်မြင်မှုတစ်ခုရရှိဖို့အတွက် တန်ရာတန်ကြေး ပေးဆပ်ရခြင်းသဘောပါပဲ”တဲ့။ ရှုံးနိမ့်မှုတွေကြုံလာရင် စိတ်ပျက်မဲ့အစား မဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိပြီလို့ သဘောထားပြီး အခြားသောနည်းလမ်းနဲ့ ဆက်လက်ကြိုးစားရမှာပါ။ သောမတ်စ်အက်ဒီဆင်ဟာ အကြိမ်ပေါင်းမြောက်များစွာ ကြိုးစားပြီးမှ လျှပ်စစ်မီးသီးကို တီထွင်နိုင်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။
ခမ်းမူး (ရွှေအင်းလေး)
ref: lifehack
www.khunnaymedia.com

0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။