လူတစ်ယောက်နဲ့တစ်ယောက် လက်ကိုင်တာဟာ ကျွန်မတို့တွေ
တွေ့မြင်နေကျ၊ ပြုလုပ်နေကျ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ သူစိမ်းအချင်းချင်းဆိုရင် လက်ကိုင်တာမျိုးတွေမရှိတာကြောင့် လက်ကိုင်ခြင်းဟာ မိသားစု သို့မဟုတ်
သူငယ်ချင်း သို့မဟုတ် ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက် ဆိုတဲ့
သင်္ကေတတစ်မျိုးပဲဖြစ်ပါတယ်။ လက်ကိုင်ခြင်းဟာ သေးငယ်တဲ့

သာမန်ဖြစ်ရပ်ဆိုပေမဲ့ ကျွန်မတို့စိတ်မှာ ဓာတုဓာတ်ပြုမှုတွေ
ဖြစ်ပေါ်စေပြီး ပျော်ရွှင်ခြင်း၊ ချစ်ခင်ခြင်း၊ ဂရုစိုက်ခြင်းနဲ့ လေးစားခြင်း
စတဲ့ ခံစားချက်တွေဖြစ်ပေါ်စေပါတယ်။ ယနေ့ခေတ်မှာ လူတစ်ဦးနဲ့တစ်ဦးကြားမှာ

နှုတ်စကားဖြင့် ဆက်သွယ်ခြင်းအပြင် ကိုယ်အပြုအမူနဲ့ ဆက်သွယ်ခြင်းဟာလည်း အရေးပါလာပြီး လူတစ်ယောက်ရဲ့ခံစားချက်ကို နားလည်စေနိုင်ပါတယ်။
မျက်စပစ်ပြတာ၊ ပခုံးပင့်ပြတာ၊ လက်မထောင်ပြတာ၊ နှုတ်ခမ်းကိုက်ပြတာ စတဲ့
အပြုအမူတွေဟာ တစ်ပါးသူကို နှုတ်စကားမပါဘဲ ကိုယ်အပြုအမူနဲ့ ဆက်သွယ်လိုက်ခြင်းတစ်မျိုးပါပဲ။ လက်ကိုင်ခြင်း အပြုအမူဟာတော့ဖြင့် ကျွန်မတို့တွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။ ကျွန်မတို့တွေ လက်ကိုင်ကြတဲ့အခါ အရေပြားမှာရှိတဲ့ အာရုံကြောဟာ ကျွန်မတို့ရဲ့ ပင်မအာရုံကြောနဲ့ဆက်သွယ်မိပြီး ဟော်မုန်းတစ်မျိုးကို
ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် ကျွန်မတို့တွေမှာ စိတ်ခံစားမှုတွေ သက်ရောက်စေတာပါ။
(၁)လက်ကိုင်ခြင်းဟာ စိတ်ဖိစီးမှုကို အကြီးမားဆုံးလျော့ကျစေနိုင်…
လူတစ်ယောက်နဲ့တစ်ယောက် လက်ကိုင်ခြင်းဟာ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့
ဟော်မုန်းကို လျော့ကျစေနိုင်ပါတယ်။ သူငယ်ချင်း ဒါမှမဟုတ် တစ်ဖွဲ့သားချင်းတွေထဲက မိမိလက်ကိုကိုင်လာခဲ့ရင် စိတ်ကျေနပ်မှု၊ခင်မင်ရင်းနှီးမှု ကိုဖြစ်စေပါတယ်။ စိတ်ဖိစီးနေချိန်မှာ ကျွန်မတို့လက်ကို အသာအယာ ကိုင်ထားပေးရင် စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရပါ တင်းမာမှုတွေ လျော့ကျလာစေပါတယ်။
(၂)လက်ကိုင်ခြင်းဟာ ချစ်စိတ်နဲ့ပေါင်းစည်းခြင်း ကိုမြှင့်တင်ပေးတယ်…
အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးဟာ အလိုအလျောက်အားဖြင့် လက်ချင်းကိုင်ထားတတ်ကြပါတယ်။ ချစ်စိတ်ကြောင့် ပင်မအာရုံကြောအဖွဲ့အစည်းမှ လှုံ့ဆော်မှုနဲ့ တစ်ခါတစ်ရံ ကိုယ်တိုင်သတိမထားမိဘဲတောင် လက်ချင်းကိုင်ထားပြီးသား ဖြစ်နေတတ်တာပါ။ လက်ကိုင်တဲ့အခါမှာလည်း ဖြစ်ပေါ်လာတဲ့ Oxytocinဆိုတဲ့ဟော်မုန်းတစ်မျိုးဟာ ချစ်သူတွေကြားမှာ
ပေါင်းစည်းခြင်းနဲ့လေးနက်ခြင်း ခံစားချက်တို့ကို အားဖြည့်ပေးတဲ့အတွက်
ပျော်ရွှင်စိတ်နဲ့ချစ်စိတ်ကို တိုးမြှင့်ပေးပါတယ်။
(၃)လက်ကိုင်ခြင်းဟာ နှလုံးကိုကောင်းမွန်စေတယ်...
စိတ်ဖိစီးမှုကိုလျော့ကျစေတာအပြင် ကျွန်မတို့တွေ ချစ်သူနဲ့လက်ကိုင်ခြင်းဟာ
သွေးဖိအားကိုလျော့နည်းစေတဲ့အတွက် နှလုံးရောဂါကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

ကျွန်မတို့တွေ ချစ်သူနဲ့ လက်ချောင်းချင်းချိတ်ထားချိန်မှာ စိတ်ဖိစီးမှုကိုအဟန့်အတားဖြစ်စေပြီး စိတ်သက်တောင့်သက်သာဖြစ်မှုကို အထောက်အပံ့ဖြစ်စေလို့
နှလုံးကျန်းမာရေးကို အကူအညီဖြစ်စေပါတယ်။
(၄)လက်ကိုင်ခြင်းဟာ နာကျင်မှုကို ဖြေလျော့ပေးတယ်...
ပြင်းထန်သောဝေဒနာကို ခံစားသည်းခံရချိန်မှာ ကျွန်မတို့တွေဟာ တစ်စုံတစ်ယောက်ရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းဖြင့် အားယူတတ်ကြပါတယ်။ ( သားဖွားခန်းထဲမှာ ခင်ပွန်းသည်က ဇနီးသည်လက်ကို ဆုပ်ကိုင်ထားပေးခြင်းဟာ ဇနီးသည်ရဲ့ နာကျင်မှုကို ဖြေလျော့ပေးခြင်းတစ်မျိုးပါပဲ။ )
(၅)လက်ကိုင်ခြင်းဟာ ကြောက်စိတ်ကို တိုက်ထုတ်ပေးတယ်...
ရုပ်ရှင်ရုံမှာ ချစ်သူနဲ့အတူ သည်းထိတ်ရင်ဖိုကားတွေ၊
ကြောက်မက်ဖွယ်သရဲကားတွေ အတူကြည့်ဖူးသလား? ဆက်မကြည့်ရဲတော့အောင် ကြောက်စရာကောင်းတဲ့အခါ တစ်ယောက်ထဲဆို ထပြန်မိလိမ့်ပေမဲ့ ဘေးကချစ်သူက လက်ကလေးလာကိုင်ထားရုံနဲ့ ကြောက်စိတ်တွေ လျော့ပါးလာတာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။

ဇီဝသိပ္ပံနည်းအရ လက်ကိုင်ခြင်းဖြင့် ကြောက်စိတ်ဖယ်ရှားစေနိုင်တာဟာ
လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုလေးတွေတော့ရှိပါတယ်။
တချို့က ကိုယ်ယုံကြည်အားကိုးသော တစ်စုံတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်တတ်ကြပါတယ်။ အမျိုးသမီးအများစုကတော့ ကိုယ့်လက်တွဲဖော်ရဲ့လက်ကို ဆုပ်ကိုင်တတ်ကြတယ်လို့ ဆိုထားပါတယ်။
(၆)လက်ကိုင်ခြင်းဟာ လုံခြုံမှုကို ပေးစွမ်းတယ်...
လက်ကိုင်ခြင်းဟာ အထူးသဖြင့် ကလေးငယ်များအတွက် လုံခြုံမှုကိုဖြစ်စေပါတယ်။ ကျွန်မတို့ငယ်စဉ်အခါက မိဘနဲ့အတူ ကားလမ်းကူးတဲ့အချိန် သို့မဟုတ်

လူပြည့်ကျပ်နေတဲ့ လူအုပ်တွေထဲ လမ်းလျှောက်ရချိန်မှာ မိဘတွေက လက်တွဲထားတတ်ပါတယ်။ ကလေးငယ်တွေ စက်ဘီးစီးသင်တဲ့အချိန်တွေမှာလည်း လက်ကိုကိုင်ထိန်းပြီး သင်ပေးကြပါတယ်။ မိဘတွေက သားသမီးလက်ကို ကိုင်ထားရင် ကလေးလုံခြုံမှုကို စိတ်ချစေပြီး သားသမီးတွေကလည်း မိဘလက်ကိုကိုင်ထားရင် လုံခြုံတယ်လို့ခံစားရလို့ပဲ ဖြစ်ပါတယ်။
(၇)လက်ကိုင်ခြင်းဟာ စိတ်ကိုလွတ်လပ်ပေါ့ပါးစေတယ်...
လူတိုင်းဟာ စိတ်လက်ပေါ့ပါးတာ သက်တောင့်သက်သာဖြစ်တာကို
နှစ်သက်ကြပါတယ်။ ချစ်သူနဲ့အတူ လက်ကလေးတွဲ၊ စကားလေးပြောရင်း

လမ်းလျှောက်ရတာဟာ စိတ်လက်ပေါ့ပါးကြည်နူးရတယ်ဆိုတာ သိကြပါလိမ့်မယ်။
အရမ်းချမ်းအေးတဲ့ ဆောင်းရာသီမှာ ချစ်သူနှစ်ဦး လက်အိတ်စွပ်ပြီး လက်တွဲလျှောက်ရင်တောင် တူညီသော အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။
သင့်ချစ်သူနဲ့သင် မကြာခဏ လက်ကိုင်လေ့ရှိသလား?

လက်ကိုင်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေတယ်၊ လုံခြုံမှုကိုခံစားရစေတယ်၊
ကြောက်စိတ်ကိုဖယ်ရှားပေးတယ် စသဖြင့် အကြောင်းပြချက်(၇)ခုကို သင်သိထားပြီဆိုတော့ ခုချိန်ကစ သင့်ချစ်သူရဲ့လက်ကို မကြာခဏကိုင်လို့ရပြီပေါ့ ။
ခမ်းမူး (ရွှေအင်းလေး)
ref; lifehack
www.khunnaymedia.com

0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။