
သင်ဟာ တစ်ယောက်တည်းသမားလား? လောလောလတ်လတ်ပဲ သမီးရည်းစားဘဝကနေ အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်တည်းဖြစ်လာလို့ပဲဖြစ်ဖြစ်၊ ဘဝမှာ တစ်ယောက်တည်း အနေကြာနေပြီပဲဖြစ်ဖြစ် တစ်ယောက်တည်းသမားတွေလည်း သူ့ဟာသူ အားသာချက်၊အားနည်းချက်လေးတွေ ရှိကြပါတယ်။ တစ်ယောက်တည်းသမားဆိုတဲ့ ဂုဏ်ပုဒ်ဟာ သင့်အတွက် ဘယ်လိုခံစားချက်တွေပဲ ပေးနေပါစေ… အမှန်တရားတစ်ခုကတော့ သင်ဟာ သမီးရည်းစားအတွဲတွေထက် ပိုလွတ်လပ်ပါတယ်။ နောက်တစ်ခုကတော့ သင်ဟာ တစ်နေ့ကျရင် သူတို့လိုပဲ အချစ်ကိုရှာတွေ့နိုင်ပါတယ်။ ဆိုလိုတာက သင်ဟာ ယခု လမ်းခုလတ်မှာရှိနေတာပါ။ ဒါကြောင့် ချစ်သူမရသေးခင် ဒီလမ်းခုလတ်လေးမှာ သင်ပြုလုပ်သင့်တာလေးတွေကို တင်ပြလိုက်ရပါတယ်။
(၁)ကိုယ့်ကိုယ်ကို ရှာဖွေပါ …
သင်ပိုင်ဆိုင်တဲ့ဘဝကို နှစ်သက်ကျေနပ်လာအောင် အချိန်ပေးပြီး သင်ယူလေ့လာဖို့လိုအပ်ပါတယ်။ သင့်ကိုပျော်ရွှင်စေတဲ့အရာတွေကို ရှာဖွေပါ။ သင်ပြုလုပ်ချင်တဲ့အရာတွှေကို လုပ်ဆောင်ကြည့်ပါ။ အခြားသော အရေးပါတဲ့လူတွေမပါဘဲ သင့်အချိန်တွေကို သုံးစွဲလိုက်ပါ။ သင်ဆန္ဒရှိတယ်ဆိုရင် ချိန်းဆိုမှုတွေပြုလုပ်နိုင်ပါတယ်။ သို့သော် ကျိုးကြောင်းဆက်စပ်မှုရှိပါစေ။ သင်နှစ်သက်တဲ့အရာကဘာလဲ? မနှစ်သက်တဲ့အရာကဘာလဲ? ရည်မှန်းချက်ပန်းတိုင် ကကောဘာလဲ? ဆိုတာသေချာရှင်းလင်းစွာ သိအောင်လုပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုရှာဖွေပါ။ အကယ်၍ သင်ဟာ တစ်ယောက်တည်းလည်း ပျော်ပျော်နေတတ်ပြီဆိုရင် မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ ချစ်သူဘဝကို မတောင့်တတော့ဘူးပေါ့။
(၂)သူငယ်ချင်းကောင်းတွေရှာဖွေပါ …
သူငယ်ချင်းတွေနဲ့အတူ မွေးရပ်မြေကိုအလည်ပြန်ဖို့ ဒါမှမဟုတ် မရောက်ဖူးသေးတဲ့မြို့တွေကို အလည်သွားဖို့ ဒါမှမဟုတ် ကမ်းခြေမှာလွတ်လပ်ပျော်ရွှင်ရဖို့ အားလပ်ရက်ရှည်ခရီးတိုပြုလုပ်ပါ။ သင်ခင်မင်ရတဲ့သူငယ်ချင်းတွေနဲ့ သင်နှစ်သက်တဲ့အရာတွေပြုလုပ်ရင်း ပျော်စရာအချိန်တွေ ဖန်တီးခြင်းဖြင့် သူငယ်ချင်းရဲ့အဓိပ္ပာယ်ကိုရှာဖွေပါ။ ချစ်သူရလာသည့်တိုင် ခင်မင်မှုကိုမထိခိုက်နိုင်တဲ့ သူငယ်ချင်းကောင်းတွေကို ရှာဖွေထားပါ။ နောက်တစ်ခု သိထားရမှာက သူငယ်ချင်းဆိုတာ ချစ်သူမတွေ့သေးချိန် ဒါမှမဟုတ် ချစ်သူနဲ့ပြတ်စဲနေတုန်းအခိုက်အတန့်အတွက် အစားထိုးအဖြည့်ခံလူတွေ မဟုတ်ပါဘူး။ လူတွေအတွက် ချစ်သူဆိုတာ တစ်နေရာစာရှိသလို မိသားစုနဲ့သူငယ်ချင်းတွေအတွက်လည်း တစ်နေရာစာရှိဖို့လိုအပ်ပါတယ်။
(၃)လက်ထပ်ထားတဲ့စုံတွဲနဲ့အတူ အားလပ်ချိန်ကိုကုန်ဆုံးပါ …
သင်နဲ့အသက်အရွယ်တူလောက်ရှိတဲ့ သင့်သူငယ်ချင်းတွေထဲက အားကျစရာကောင်းတဲ့ စုံတွဲနဲ့အတူ အားလပ်ချိန်ကိုအတူကုန်ဆုံးကြည့်ပါ။ သူတို့ဘယ်လိုအဆင်ပြေအောင် နေထိုင်ကြသလဲ ပျော်စရာအချိန်တွေဘယ်လိုတည်ဆောက်ကြလဲ ဆိုတာကို လေ့လာပါ။ စိတ်ကူးယဉ်ဆန်ဆန် သာယာသော တစ်ခဏသာချစ်သူစုံတွဲဖြစ်ဖို့က လွယ်ကူပါတယ်။ အချိန်ကြာညောင်းသည့်တိုင် လက်တွဲမပြုတ်ဘဲ ခိုင်မြဲသောချစ်ခြင်းကို ဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက်ထားလဲဆိုတာကို လက်တွေ့ဆန်ဆန် အချိန်ပေးလေ့လာလိုက်ပါ။
(၄)တစ်ကိုယ်တည်းခရီးထွက်ပါ …
ရဲရင့်ပါ။ သင့်ဆီမှာ မှီခိုအားကိုးစရာလူတွေ ဘယ်လောက်အများအပြားရှိရှိ တစ်ယောက်တည်းလည်း သတ္တိရှိပါ။ မိသားစု၊ မိတ်ဆွေသူငယ်ချင်း စသဖြင့် ကိုယ့်အတွက် အရေးပါတဲ့လူတွေမပါဘဲ ခရီးသွားအစီအစဉ်နဲ့ ခရီးထွက်ခြင်းပြုလုပ်ပါ။ ကိုယ့်ကိုယ်ကို အားကိုးချင်စိတ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ တိုးများလာစေပြီး မှီခိုချင်စိတ်တွေလျော့နည်းလာစေပါတယ်။
(၅)အလွန်အမင်းငြီးငွေ့အောင်နေပါ …
“မဖြစ်ဘူး” ဆိုတဲ့စကားကို ပြောတတ်အောင် လေ့ကျင့်ထားပါ။ တစ်ယောက်တည်းနေလာတာ အချိန်ကြာလာရင် ငြီးငွေ့လာတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ငြီးငွေ့တဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ဇာတ်လမ်းဟောင်းကိုပြန်ဆက်တာ သို့မဟုတ် အလွယ်တကူပဲ အချစ်ကို လျင်မြန်စွာရှာဖွေလိုက်တာတို့ မလုပ်ပါနဲ့။ သင်အမှန်တစ်ကယ် ချစ်မြတ်နိုးသူ၊ သင်နဲ့အမှန်တစ်ကယ်လိုက်ဖက်သူကို မတွေ့ရသေးချိန်မှာ တစ်ယောက်ထဲသမားအဖြစ် အလွန်အမင်းငြီးငွေ့စွာနေလိုက်ပါ။ ခံစားချက်လေးနက်မှုမရှိတဲ့ အချစ်ထဲကို လွယ်လင့်တကူ မကျရှုံးစေပါနဲ့။
(၆)စမတ်ကျကျနေပါ …
ချစ်သူရှိမှ လှဖို့လိုတာမဟုတ်ပါဘူး။ ချစ်သူမရှိလည်း အကောင်းဆုံးနေထိုင်ပါ။ အလှအပစိတ်ဝင်စားပါ။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ။ နှစ်သက်တဲ့အားကစားတစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ခြင်းဖြင့် ကျန်းမာသန်စွမ်းမှုကိုရယူပါ။ သို့မဟုတ် Gymဆော့ပါ။ အမြဲသန့်ရှင်းသပ်ရပ်ပြီး စမတ်ကျနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာစေမှာပေါ့။ (ချစ်သူလည်း မြန်မြန်ရစေမှာပေါ့ )
(၇)လူတွေအကြောင်းစိတ်ဝင်စားပါ …
နေ့စဉ် လူအသစ်တွေနဲ့ တွေ့ဆုံဆက်ဆံပါ။ အနည်းဆုံးတော့ သင်နဲ့သိတဲ့လူတွေရဲ့အကြောင်းကို လေ့လာပါ။ လူတွေနဲ့ဆက်ဆံမှုနည်းလာရင် အထီးကျန်စိတ်၊ အားငယ်စိတ်၊ စိတ်မတည်ငြိမ်မှုတွေ ဝင်လာတတ်ပါတယ်။ ဒါကြောင့် လူတွေအကြောင်းစိတ်ဝင်စားပါ။ social ကျကျနေလိုက်ပါ။
ခမ်းမူး (ရွှေအင်းလေး)
ref:lifehack
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။