တစ်ခါတုန်းက မြို့ငယ်လေးတစ်ခုမှာ လူပျိုကောင်လေးတစ်ယောက် ရှိပါသတဲ့။ အားလပ်ရက်တစ်ရက်မှာ သူဟာပျင်းတာကြောင့် မြို့ထဲကို လည်ပတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ စတိုးဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ စာအုပ်ဆိုင်တွေ များစွာကိုဖြတ်လျှောက်လို့ အပြင်ထွက်ရတာကို စိတ်ကြည်နူးနေပါတယ်။ ဒီလိုနဲ့ သူလျှောက်လာရင်း သီချင်းစီဒီခွေတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ရောက်လာပါတယ်။
ဆိုင်ကိုဖြတ်လျှောက်အပြီးမှာပဲ ရုတ်တရက်သူရပ်လိုက်ပြီး
နောက်ပြန်လျှောက်လာပါတယ်။ ဆိုင်ထဲမှာ အခွေရောင်းနေတဲ့ သူနဲ့အသက်အရွယ်တူလောက်ရှိတဲ့ ကောင်မလေးတစ်ယောက်ကြောင့် သူပြန်လှည့်လာတာပါ။

မြင်မြင်ချင်းအချစ်တစ်ခုကို သူဟာခံစားမိတဲ့အတွက် ဆိုင်ထဲကိုဝင်လိုက်ပါတယ်။ သီချင်းခွေတွေကိုရွေးရင်း သူဟာကောင်မလေးကို အချိန်အတော်ကြာ ခိုးကြည့်နေခဲ့ပါတယ်။ နောက် သူကြိုက်တဲ့သီချင်းခွေတစ်ခွေကို ယူလိုက်ပြီး ကောင်မလေးရှေ့မှာ ငွေရှင်းဖို့ ရပ်လိုက်ပါတယ်။ ကောင်မလေးရှေ့မှာ အချိန်အနည်းငယ်ကြာ ပိုနေချင်တဲ့အတွက်ကြောင့် သီချင်းခွေကို လက်ဆောင်ပေးဖို့ ပါဆယ်ထုပ်ပိုးပေးဖို့ ပြောလိုက်ပါတယ်။
အိမ်ပြန်ရောက်လာပြီးသည့်တိုင်
ကောင်မလေးရဲ့ပုံရိပ်တွေ၊ အပြုံးတွေသာ သူ့စိတ်မှာ စိုးမိုးနေပါတော့တယ်။
ကောင်မလေးထုပ်ပိုးပေးလိုက်တဲ့ အခွေကိုလည်း ဒီအတိုင်းတယုတယ ဗီရိုထဲသိမ်းထားလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အခွေဆိုင်ကို သူမကြာခဏရောက်ဖြစ်ခဲ့ပါတယ်။ တစ်နေ့ထက်တစ်နေ့ သူတို့နှစ်ယောက် ရင်းနှီးမှုရလာပြီး သူ့အချစ်တွေလည်းပိုပိုတိုးလာပါတယ်။ သူ့အချစ်တွေကို ဖွင့်ပြောဖို့ကြိုးစားခဲ့ပါသော်လည်း သူ့အဖြစ်ဟာ စစ်ပွဲမရောက်ခင် မြားကုန်တဲ့အဖြစ်လိုသာ ပြောဖို့ယုံကြည်ချက်မရှိတာကြောင့် မဖြစ်မြောက်ခဲ့ပါဘူး။ ဒီလိုနဲ့ နှစ်လလောက်အကြာမှာ အလုပ်ကိစ္စနဲ့ ကောင်လေးက ခရီးထွက်ဖို့ဖြစ်လာပါတယ်။ ခရီးကအပြန်မှပြောမယ်လေ လို့စိတ်ဆုံးဖြတ်လိုက်ပါတယ်။

တစ်ပတ်ကြာပြီးနောက် သူခရီးကပြန်ရောက်ရောက်ချင်း အခွေဆိုင်ကလေးကို သွားခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးရှိမနေပါဘူး။ အက်စီးဒင့်တစ်ခုကြောင့် လွန်ခဲ့သောနှစ်ရက်က သူမသေဆုံးသွားပြီဆိုတာကို သိလိုက်ရချိန်မှာ ဆောက်တည်ရာမဲ့ပြီး ငိုကြွေးခဲ့ရပါတယ်။ သတိရတိုင်း အခွေဆိုင်လေးကို သူသွားရောက်ရင်းသာ အလွမ်းဖြေရပါတယ်။
တစ်နေ့မှာတော့ ကောင်မလေးရဲ့
သူငယ်ချင်းတစ်ယောက်က ကောင်လေးကို စာအုပ်လေးတစ်အုပ်ပေးပါတယ်။ သူချစ်ရတဲ့ကောင်မလေးရဲ့ ဒိုင်ယာရီစာအုပ်လေးပါပဲ။ သူတစ်ရွက်ချင်း လှန်လှောကြည့်လိုက်မိတော့
ကောင်မလေးရဲ့ ကောင်လေးဖွင့်ပြောလာဖို့ကို တစ်နေ့ထက်တစ်နေ့
မျှော်လင့်တောင့်တနေရတဲ့အကြောင်းကို ရေးသားထားတာဖတ်ရချိန်မှာ သူနောင်တကြီးစွာရနေမိပါတော့တယ်။

သင်ခန်းစာ...
တစ်စုံတစ်ယောက်ကို သင်အမှန်တစ်ကယ်ချစ်နေပြီဆိုရင် သင့်ရဲ့ခံစားချက်တွေကို အချိန်နောက်မကျမှီမှာ ဖွင့်ပြောဖို့လိုပါတယ်။ သင်ချစ်နေတဲ့သူကလည်း သင်သူ့ကိုချစ်သလို သူလည်းသင့်ကို ချစ်နေမလားဆိုတာ မသိနိုင်ဘူးလေ။ ဒါကြောင့် နောက်ကျမှနောင်တရမဲ့အစား နောက်မကျသေးချိန်မှာ သင်ချစ်ရသူကို ခံစားချက်တွေထုတ်ပြောပြလိုက်ပါ။

0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။