
အဲ့ဒီနေ့က အမေကော၊ ကျွန်မကော မျက်ရည်စို့ခဲ့ရတယ်…
မိဘတွေရဲ့ ရင်ထဲမှာသားသမီးအပေါ် ဘယ်လိုမျိုးစိတ်ထားသလဲ ဆိုတာနဲ့ သားသမီးတွေရဲ့ရင်ထဲမှာလည်း မိဘတွေအပေါ် ဘယ်လို မျိုးစိတ်ရှိ သလဲဆိုတာ သိခဲ့ရလို့ အမေကော၊ ကျွန်မကောဝမ်းသာ မျက်ရည်ကျ ခဲ့ရတယ်။
ကျွန်မအလုပ်သွားဖို့ ပြင်ဆင်နေတုန်း.. အမေကကျွန်မအတွက် ထမင်း ထုပ်တွေ၊ ကျွန်မအလုပ်သယ်သွားမယ့် ပစ္စည်းပစ္စယာတွေ ပြင်ဆင် ထုပ်ပိုးပေးနေတယ်။ ကျွန်မကလည်း အိပ်ယာထ နည်းနည်း နောက်ကျတော့ ခပ်သွက်သွက်ကလေး ကပျာကယာပြင်ဆင်နေမိတယ်လေ။
အဲ့ဒီအချိန်မှာ ဖြစ်ချင်တော့ အမေက ကျွန်မအလှပြင်တဲ့အခန်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ မျက်စိနောက်နေအောင်ကို အလုပ်ရှုပ်နေ တယ်လေ။ ကျွန်မလည်း အမေ့ကိုရှောင်ရှင်း မျက်နှာကို မိတ်ကပ် ပြင်ဆင်ခြယ်သရင်းနဲ့ စိတ်မရှည်တော့ပါဘူး။ အလုပ်ချိန်ကနီးနေ တော့ စိတ်ကလည်းလောနေ တယ်။ အမေကလည်းလာရှုပ်နေတော့နည်းနည်းစိတ်ရှုပ်လာတယ်။
အဲ့ဒီမှာပဲ ထပ်ပြီးစိတ်ရှုပ်စရာနဲ့တွေ့ ပြန်ပါတယ်။ ကျွန်မရဲ့မိတ်ကပ်ပြင်မယ့် မျက်ခုံးဆွဲခဲတံကျိုးနေတာတွေ့လိုက်ရ တယ်။ ကျွန်မသိလိုက်တယ်။ ဒါ အမေပဲလုပ်တာဖြစ်မယ်လို့။ မနေ့က ညနေဘက်က ကျွန်မရဲ့အဲ့ဒီ ခဲတံကို အမေဆွဲနေတာကို တွေ့ ထားခဲ့တယ်လေ။ အဲ့ဒါကြောင့် အမေပဲဖြစ်မယ်လို့ စိတ်မရှည်စွာနဲ့ အမေ့ကို အော်လိုက်မိတယ်။
“ အမေတို့ကလည်း.. နောက်ကျရ ကြားထဲ ဒီမှာခဲတံကိုပြန်ပြီး မ ချွန်ထားရတာလဲ။ အခုတော့ အလုပ်ရှုပ်ပြီလို့” ဒေါသတကြီးနဲ့အော် ပြောတော့
အမေကလည်း ပြန်အော်ပါတယ်။
“ဟဲ့ ပေးပေး။ ငါပြန်ချွန်ပေးပါ့မယ်” လို့ ဆိုတော့ ကျွန်မဖြင့် မကျေ နပ်နိုင်ဘူး။ အလုပ်ကနောက်ကျရတစ်ဖက်.. နောက်ပြီးဒီ ခဲတံလေးက နာမည်ကြီး တံဆိပ်ထဲက ဝယ်ထားတာမို့ အသစ်အတိုင်းရှိနေပြီး ကျွန်မတောင် တစ်ခါမှ လုပ်မကျိုးဖူးလို့ နှမြောနေတာလည်းပါတော့ အမေကို ပြန်အော်ငေါက်လိုက် မိပြန်ပါတယ်။
“ အမေကလည်း အဲ့လိုလုပ်ရင်ပြီးရောလား။ အခုတော့ နောက်ကျ တယ်။ အလုပ်ပိုတယ်။ နောက်ပြီး ဒီခဲတံက ဘယ်လောက်ဈေးကြီး လဲ အမေသိလား။ သမီးတောင် မသုံးရက်တာ။ အမေကချိုးပစ်လိုက် ပြီ” လို့ ဆိုတော့
အမေ့ဆီက တိမ်ဝင်တဲ့အသံနဲ့ ဆို့နှစ်နှစ် စကားလုံးတွေထွက်ကြလာတယ်။
“ ပေးပေး။ ငါပြန်လျော်ပေးမယ်။ နင့်ဟာဘယ်လောက်တန်လို့လဲ။ ငါက တမင်တကာလုပ်လိုက်မိလို့လား။ နင်တို့က ကိုယ့်ပိုက်ဆံနဲ့ကို ဝယ်သုံးနိုင်ပြီဆိုတော့တဲ့” လေ…
ဒီမှာတင် ကျွန်မလည်း နည်းနည်းစိတ်ထိခိုက်သွားရတာပေါ့ အမေနဲ့ စကာများရန်ဖြစ်ပြီး စိတ်ထင့်ထင့်၊ စိတ်ဆိုးဆိုးနဲ့ပဲ ရုံးဘက်ထွက်လာ ခဲ့လိုက်တယ်…..
ကားပေါ်မှာလည်း တစ်လမ်းလုံး ဒီအကြောင်းကိုပဲတွေးမိတယ်။ ခါ တိုင်းလို ဘုရားစာရွတ်တာတို့၊ အလုပ်ကိစ္စတွေ တွေးနေတာမျိုး တောင် မလုပ်မိတော့ ပဲ။ အမေနဲ့ စကားခွန်းတုန့်များခဲ့တဲ့ အကြောင်းကိုပဲ တွေးနေမိခဲ့တယ်။ ဘာ့ကြောင့် အမေကဒီလို စိတ်ထိခိုက် ဝမ်း နည်းစရာအကြောင်းကို ပြောရ တာလဲ။
ငါကလည်း ဘာလို့ ဆတ် ဆတ်ထိမခံဖြစ်နေရတာပါလိမ့်ဆိုတဲ့ အကြောင်းတွေ တွေးလာမိတယ်။အိမ်ကထွက်ကထဲက ဒီလိုအဆင်မပြေရင် တစ်နေ့လုံးဘာလုပ်လုပ် အဆင်ပြေတော့မှာမဟုတ်ဘူးလို့ သိထားတဲ့ ကျွန်မ. ခုက မိဘကို စိတ်ထင့်သွားအောင်လုပ်လိုက်မိတော့ ပိုဆိုးမယ်လို့ပေါ့….
ဟိုးတုန်းက အမေပြောဖူးတဲ့စကားတွေကိုလည်း ကြားဖူးတယ်လေ။ မိဘကို စိတ်ထင့်ဝမ်းနည်းအောင်၊ မျက်ရည်ကျအောင်လုပ်မိတဲ့ သားသမီးက ဘယ်တော့မှမကြီးပွားဘူး။ အဆင်မပြေဘူးတဲ့လေ။ ဒီအကြောင်းကြောင့်ပါပဲ။ ကျွန်မလည်း ဒါတွေကိုတွေးရင်း တစ်လမ်း လုံး ဝမ်းနည်းလိုက်၊ မျက်ရည်ကျလိုက်နဲ့ စိတ်ထဲနေမသာပါဘူး။
ရုံးရောက်တော့လည်း တွေးပြီးငိုပြန်ပါတယ်…. နောက်ဆုံးတော့မ ဖြစ်တော့ဘူးဆိုပြီး တစ်ခါမှမလုပ်ဖူးတဲ့ အမေ့ကိုပြန်တောင်းပန်တာ မျိုး လုပ်ဖို့ ဖုန်းဆက်လိုက်မိတယ်….
ကျွန်မဖုန်းခေါ်တော့ အမေကလည်း ပြာပြာသလဲနဲ့ပြန်ကိုင်ပါတယ်။
“ ဟဲလို” ဆိုတော့ … ကျွန်မအမေ့ကို ငိုပြီးပြောပြလိုက်ပါတယ်။
“ အမေရယ်… ကိုယ့်သားသမီး အပြင်သွားခါနီးရောက်မှ ဒီလိုမျိုး စိတ်ထင့်ရမယ့်စကား၊ ဝမ်းနည်းရမယ့်စကားမျိုး ဘာလို့ပြောရတာ လဲ။ အမေ့ကို အဲ့လိုမျိုး ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးနိုင်လို့ ပြန်ပြီးပြော မိတာမဟုတ်ပါဘူး။ သမီးနည်းနည်းလေး လောသွားတာနဲ့ ရုံးနောက် ကျမှာစိုးတာနဲ့ စိတ်ရှုပ်နေလို့ ပြောလိုက်မိတဲ့ စကားပါ။ ဒါကို အမေ က ဘာလို့ ဒီလိုမျိုးပြောရတာလဲ။
အမေ့စိတ်ထဲ သမီးအပေါ် ဒီလိုမျိုး စိတ်ထင့်သွားတာတို့၊ စိတ်ကွက်ပြီး စိတ်မကောင်းဖြစ်သွားတာတို့ဆို တာကျတော့ သမီးက အလုပ်ကိုဘယ် စိတ်နဲ့သွားလုပ်ရတော့မှာလဲ။ အမေဝမ်းနည်းသွားရတော့ သမီးလည်းအဆင်မပြေဘူးအမေ။ တစ်လမ်းလုံး အဆင်မ ပြေဘူး။ အဲ့ဒါကြောင့် သမီးအမေ့ကို ဖုန်းဆက်ပြီး အမေ့ဆီက ခွင့် လွှတ်ဖို့ တောင်းပန်တာ” လို့ ငိုပြီးပြောတော့…..
အမေကလည်း ငိုသံနဲ့ “ အော်သမီးရယ်… အမေသိပါတယ်။ သမီး ခုလို ခံစားနေရတာလည်း အမေသိတယ်။ မိဘတွေကို စိတ်ဆင်းရဲ အောင်၊ ဝမ်းနည်းအောင်လုပ်မိရင် သားသမီးတွေအဆင်မပြေဘူးဆို တာ သမီးကော၊ အမေကောသိတယ်လေ။ ဒါကို သမီးကအခုလို ခံစားနေရတာ သမီးသိသွား ပြီပေါ့။
သမီးရယ် တိတ်တော့နော်။ အမေ ခွင့်လွှတ်တယ်။ အမေကဘာမှတောင် မဖြစ်တော့ဘူး။ အဲ့တုန်းက နည်းနည်းစိတ်ဆိုးပြီးပြော လိုက်မိတာကို သမီးကဒီလောက်ခံစားသွားရမှန်း အမေမထင်ဘူး လေ။ ဘာမှမဖြစ် နဲ့တော့နော်။ အမေလည်း ဝမ်းမနည်းတော့ဘူး။ ငါ့သမီးလေး အမေ့အပေါ် ဒီလိုသိတတ်တဲ့စိတ်၊ ခံစားနားလည် ပေးတဲ့ စိတ်ရှိနေရင်ပဲရပြီလေ။ တိတ်တော့။ အလုပ်ကောင်းကောင်း လုပ်ပြီး.. .. ညနေ စောစောပြန်လာခဲ့ အမေညနေစာကောင်း ကောင်းချက်ထားမယ်” ဆိုပြီး အမေဖုန်းချသွားပါတယ်။
အဲ့ဒီအခါကျတော့မှပဲ… ကျွန်မလည်း စိတ်ထဲ ဟင်း…. ခနဲချ မျက်ရည် သုတ်ပြီး အလုပ်တွေကို စိတ်ရှင်းရှင်းနဲ့ ပြန်လုပ်နိုင်ပါတော့တယ်…….
ဒီလိုပါပဲ။ ကျွန်မတို့ သားသမီးတွေ တစ်ခါတစ်ရံမှာ မိဘတွေအပေါ် စိတ်မကောင်းဖြစ်အောင်၊ ဝမ်းနည်းမိအောင်ပြုလုပ်မိတတ်ကြပါတယ်။ ဒီလိုအချိန်တွေမှာ မိဘတွေကို ပြန်ပြီးတောင်းပန်စကားပြောဖို့ ဝန်မလေး ကြပါနဲ့နော်.... အပြင်လူတွေ၊ တခြားပုဂ္ဂိုလ်တွေကျတော့ တောင်းပန်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ကြပြီး မိဘတွေကိုကျတော့ ကိုယ့်ကြောင့် ဝမ်းနည်းသွားရ တာကို ဘာ့ကြောင့် နှုတ်ကတောင်းပန်ဖို့ စကားမထွက်နိုင်ရမှာလဲ......
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။